ခရီးသည် ၂၄၂ ဦး သယ်ဆောင်လာသည့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် နိုင်ငံ အနောက်ပိုင်း Ahmedabad (အမေဒါဘတ်) မြို့ရှိ လေဆိပ်အနီးတွင် ပျက်ကျခဲ့သည်ဟု လေကြောင်းလိုင်းနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။
အဆိုပါ လေယာဉ်သည် ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ဂတ်ဝစ်လေဆိပ်သို့ သွားရောက်မည့် လေယာဉ်ဖြစ်ပြီး လေဆိပ်အနီးရှိ လူနေအိမ်ခြေများရှိရာသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ပျံသန်းမှုအမှတ်စဉ် AI171 လေယာဉ်သည် ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ ဒေသစံတော်ချိန်မနက် ၁၀ နာရီ ၈ မိနစ်၊ ၅၁ စက္ကန့်တွင် နောက်ဆုံးဆက်သွယ်မှုရရှိခဲ့သည်ဟုလည်း Air India က ထုတ်ပြန်ထားသည်။
လက်ရှိတွင် လေယာဉ်ပေါ်လိုက်ပါလာသူများ သေဆုံးသူ ရှိ၊ မရှိကို မသိရသေးပေ။
“လောလောဆယ် အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် သိရတာတွေ ထပ်ထုတ်ပြန်ပါမယ်” ဟု အိန္ဒိယလေကြောင်းလိုင်းက လူမှုကွန်ယက်စာမျက်နှာ X (ယခင် Twitter) မှတဆင့် ထုတ်ဖော်ပြောသည်။
လေယာဉ် ပျံတက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်ကိုလည်း ရုပ်သံလိုင်းများက ထုတ်လွှင့်ချက်အရ တွေ့ရသည်။
ရုပ်ပုံများတွင် လေဆိပ်အနီး အပျက်အစီးများ မီးလောင်နေပြီး မည်းနက်သော မီးခိုးများ ကောင်းကင်သို့ ထူထပ်စွာ တက်လာသည့် ပုံရိပ်များကို တွေ့မြင်ရသည်။ ခရီးသည်များကို လူနာတင်စင်များဖြင့် သယ်ဆောင်ကာ လူနာတင်ကားများဖြင့် ပို့ဆောင်နေသည့် ပုံရိပ်များလည်း တွေ့ရသည်။