အဆိုတော်ချမ်းချမ်း (ခ) ချမ်းမြငြိမ်းက ပြည်ပကနေ တရားမဝင် တင်သွင်းလိုက်တဲ့ နိုင်ငံခြားဖြစ် ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ အခကြေးငွေနဲ့တဆင့် ပြန်လည်ရောင်းချပေးနေသူတွေကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းက ဒီကနေ့ဇွန်လ ၃ ရက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီက ဖမ်းဆီးလိုက်သူတွေဟာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူ မဖြူဖြူနှင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မှာ နေထိုင်သူ မောင်ဘုန်းမြင့်အောင်တို့ ဖြစ်ပါတယ်။ မဖြူဖြူနှင်းကို ဧပြီလ ၁၃ ရက်က ဖမ်းဆီးခဲ့ပြီး မောင်ဘုန်းမြင့်အောင်ကိုတော့ မေလ ၈ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံခဲ့ရသူတွေဟာ နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်စေဖို့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ပို့စ်တင် ရေးသားခဲ့တာတွေကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
သူတို့ နှစ်ဦးစလုံးက အဆိုတော်ချမ်းချမ်းရဲ့ ခိုင်းစေချက်နဲ့ ပြည်ပကနေ တရားမဝင် တင်ပို့လိုက်တဲ့ နိုင်ငံခြားဖြစ် ပစ္စည်းတွေကို အခကြေးငွေနဲ့ ထပ်ဆင့် ရောင်းချတာအပြင် အဆိုတော်ချမ်းချမ်းက ပေးပို့စေလိုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ပေးခဲ့ကြတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အဆိုတော်ချမ်းချမ်း ဟာ Shop Me အမည်ရှိတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို အခုနှစ် ဖေဖော်ဝါရီလမှာ စတင် ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နဲ့ အင်္ကျီ စတဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းကတဆင့် ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးတချို့ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တဲ့အပြင် တချို့ကိုတော့ တော်လှန်ရေးအဖွဲ့အစည်းတွေဆီ ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ မဖြူဖြူနှင်းနဲ့ မောင်ဘုန်းမြင့်အောင်တို့ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့နိုင်ဖို့ လူမှုကွန်ရက်တွေမှာ ဈေးရောင်းနေတဲ့ ပန်ဆယ်လို အကောင့် ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် CDM ဆရာမ ခိုင်စုလွင်၊ P & H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စတဲ့ လူမှုအကောင့်ကွန်ရက်တွေနဲ့ ချိတ်ဆက်ခြင်း၊ ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူခြင်း၊ တဆင့်ခံ ပြန်လည် ရောင်းချခြင်းနဲ့ အဲဒီလိုဆောင်ရွက်နိုင်အောင် နည်းလမ်း တစ် မျိုးမျိုးနဲ့ ကူညီပေးနေသူတွေကိုလည်း အကြမ်းဖက်ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က အရပ်သားပြည်သူ ၆,၀၀၀ ကျော် သတ်ဖြတ်ခဲ့တဲ့အပြင် လက်ရှိအချိန်အထိလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့စဥ်ရက်ဆက် ကျူးလွန်နေပါတယ်။