ထိုင်း – ကရင်နယ်စပ်၊ သေ့ဘောဘိုးဗျူဟာစခန်းကို ပူးပေါင်းတပ်ဖွဲ့များ တဖန်ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
၎င်းက “ဒရုန်းက မနေ့က ကြဲတာမဟုတ်ဘူး။ ဒရုန်းက နေ့တိုင်းကြဲနေတယ်။ ဒီနေ့လည်း ကြဲနေတယ်” ဟု ပြောသည်။
ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ကြဲချမှုကြောင့် ယမန်နေ့ညအစောပိုင်း ည ၉ နာရီကျော်တွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သေးသည်။ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့မှ သေ့ဘောဘိုးစခန်းမကျရေးအတွက် စစ်ကူအင်အား ၇၀ ကျော်ကို ထိုင်းဘက်မှတဆင့် စေလွှတ်ခဲ့သည်။
ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း စစ်ကူအင်အား ၇၀ ကျော်ကို မေလ ၂၇ ညမှ စတင်တိုက်ခိုက်ပြီး ၂၈ ရက်တွင် တိုက်ခိုက်ရှင်းလင်းခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် သေ့ဘောဘိုးကျေးရွာရှိ ဒေသခံများနှင့် သေ့ဘောဘိုးသို့ စစ်ရှောင်လာသော စစ်ရှောင်စုစုပေါင်း တစ်ထောင်ဝန်းကျင်သည် ထိုင်းဘက်ခြမ်းနှင့် ကမ်းနဖူးတွင် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် မြဝတီ – ဝေါ်လေလမ်းမကားလမ်းတလျှောက်၌ ဝေါလေဗျူဟာ၊ ဥကရစ်ထ၊ သေ့ဘောဘိုး စသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရန် ကျန်ရှိနေပြီး ဝေါ်လေအကျော်တွင် ထီးကပလယ်စခန်းသာ ကျန်ရှိတော့သည်။
ပုံစာ – သေ့ဘောဘိုးဒေသခံနှင့် စစ်ရှောင်များ တိမ်းရှောင်ရသည့်မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)