ပအိုဝ်းလူမျိုးအချင်းချင်းကြား အပြန်အလှန် သတ်ဖြတ်သွေးချောင်းစီးစေသော လုပ်ရပ်များကို ရှောင်ရှားသွားမည်ဖြစ်ပြီး စနစ်ပြောင်းတော်လှန်ရေးဖြစ်သည့် စစ်အာဏာရှင်တော်လှန်ရေးကိုသာလျှင် ဆက်လက်ပါဝင်တိုက်ခိုက်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် PNLA တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖမ်းဆီးခံခဲ့ရသော ရဲဘော်ငါးဦးအနက်မှ လေးဦးကို လက်ပြန်ကြိုးဖြင့် တုတ်နှောင်ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကို PNLA ထံမှ ရရှိသော ရုပ်သံဖိုင်တွင် တွေ့ရသည်။ PNLA တပ်ဖွဲ့ဝင် တစ်ဦးကို အခြားနေရာတွင် သတ်ဖြတ်ခဲ့သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သံလွင်ခက်ကို ပြောသည်။
“သူတို့ ကျနော်တို့ ရဲဘော် ငါးဦးကို ဖမ်းထားတယ်။ ဖမ်းထားပြီးတော့မှ ပုံတွေ ထုတ်ပြန်လာတယ်။ အဲဒီအချိန်တုန်းက သူတို့ ကြိုးနဲ့ ချီထားတယ်။ မတ်တပ်ရပ် ငါးယောက်၊ နောက်တစ်ပုံမှာကျတော့ အဲဒီငါးယောက်ကို ပစ်သတ်ထားတဲ့ အခြေအနေဖြစ်နေတာပေါ့လေ” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် PNLA မှ ပအိုဝ်းအချင်းချင်းတိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ခွန်ရိန်းယံက “စစ်ကောင်စီနဲ့ တိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်း ရပ်ရွာအလည်ပြန်တဲ့ ရဲဘော် ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ဖူးတဲ့ဖြစ်စဉ်ရှိပါတယ်။ သို့ပေမယ့် ကျနော်တို့က ကိုယ့်လူမျိုးအချင်းချင်း သွေးချောင်းမစီးဖို့ ကျနော်တို့ ထိန်းသိမ်းခဲ့တယ်။ ကျနော်တို့က လက်စားချေချင်တဲ့ စိတ်နဲ့ လက်တုံ့မပြန်ခဲ့ပါဘူး၊ ကျနော်တို့က စနစ်ပြောင်းဖို့ပဲ ဦးတည်ထားတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်ပေါ့လေ” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်တွင်လည်း ပအိုဝ်းပြည်သူ့စစ်များမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု PNLA မှ ပြောသည်။
PNLA အနေဖြင့် ပအိုဝ်းပြည်သူစစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ PNO ပြည်သူ့စစ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့သော PNO တပ်ဖွဲ့ဝင်၊ ဗိုလ်မှူးများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
PNLA အနေဖြင့် ပြည်သူ့စစ် PNO မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုတော့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အဖြစ်သာ အသုံးပြုခဲ့သည်ဟု ဆိုသည်။