ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအခိုက် ကျရှုံးများကာ လက်နက်ချ အလင်းဝင်သူနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စုစုပေါင်း ၆၀ ခန့်အထိ ရှိလာနေသည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရစ်မြစ်ထံမှ သိရသည်။
”လောလောဆယ်မှာ လက်နက်ချ အလင်းဝင်လာတဲ့ လူတွေ၊ ဖမ်းဆီးမိတဲ့ လူတွေက စုစုပေါင်း ၅၀၊ ၆၀ လောက်တော့ ရှိပါတယ်” ဟု အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရစ်မြစ်တစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သားများမှာ ရဲဘော်အချင်းချင်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အာရက္ခတပ်တော်ထံသို့ ဝင်ရောက်လာမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
”တပ်ရင်းလိုက် ဝင်လာတာတော့ မရှိပါဘူး။ ရဲဘော်အချင်းချင်း ညှိနိူင်းပြီးတော့ ဝင်လာကြတာမျိုးပါ။ နေ့တိုင်းကြီးတော့ ဝင်လာတော့ မဟုတ်ပါဘူး။ ရက်အတိအကျတော့ မဟုတ်ဘူးပေါ့။ ၁၀ ယောက် တစ်ဖြတ် လေးယောက်တစ်ဖြတ် ဝင်လာတာမျိုးတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
လက်နက်ချ အလင်းဝင်သူများတွင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ တပ်ရင်းမှူးအဆင့်၊ ဗျူဟာမှူးအဆင့်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်တွင်လည်း တိုင်းစစ်ဦးစီးမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင်အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦးကို AA က လက်ရ ဖမ်းမိခဲ့သေးသည်။
ယခု အရေအတွက် ၆၀ မှာ ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာသူများနှင့် ဖမ်းဆီးမိသူများ ဖြစ်သည်။ အေအေနှင့် စစ်ကောင်စီတို့အကြား ကျောက်ဖြူတွင် တိုက်ပွဲစတင်ဖြစ်ပွားသည်မှာ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာကတည်းက ဖြစ်ပြီး ယခုနှစ် မေလအတွင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကျောက်ဖြူတွင် လေကြောင်းဖြင့်လည်းကောင်း၊ ရေတပ် (နေဗီ) များမှလည်းကောင်း ခုခံတိုက်မှုများရှိနေသည်ဟုလည်း သိရသည်။ ကျောက်ဖြူတွင် ခလရ (၄၃)၊ ခမရ (၅၄၃)၊ ခမရ (၅၄၂) ၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား စစ်ကောင်စီက တပ်စွဲထားဆဲ ဖြစ်သည်။
ပုံစာ – AA ဖမ်းမိထားသော စစ်သုံ့ပန်းများ (AA Info Desk)