မွန်အမျိုးသားကောလိပ် (MNC)နှင့် ထိုင်းနိုင်ငံရှိ Chiang Rai Rajabhat University (CRRU)တို့သည် အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်တွင် CRRU တက္ကသိုလ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါသဘောတူညီချက်အရ (၂+၂) စနစ်ဖြင့် ပူးပေါင်းမည်ဖြစ်ပြီး၊ MNC မှ ကျောင်းသား၊ ကျောင်းသူများသည် မွန်အမျိုးသားကောလိပ်တွင် နှစ်နှစ် ပညာသင်ယူပြီးနောက် CRRU တွင် နောက်ထပ် နှစ်နှစ် ဆက်လက်ပညာဆည်းပူးကာ Bachelor of Arts (BA) ဘွဲ့ကို ရရှိမည်ဖြစ်သည်။
အခမ်းအနားသို့ CRRU တက္ကသိုလ်မှ တာဝန်ရှိသူများ၊ MNC မှ ကျောင်းအုပ်ကြီး ဒေါက်တာနိုင်ပညာမွန်၊ လူမှုရေးသိပ္ပံဌာနမှူး နိုင်မြင့်သန်းနှင့် Payap University (PU) တွင် ပညာသင်ကြားနေသော MNC ကျောင်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။
လောလောဆယ်တွင် MNC မှ Social Science ဘာသာရပ်ကို အဓိကထားသင်ကြားနေသည့် ကျောင်းသားများသာ CRRU တွင် ပညာဆက်လက်သင်ယူနိုင်မည်ဖြစ်သော်လည်း၊ နောင်တွင် အခြားဘာသာရပ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
CRRU ၏ ပညာသင်စရိတ်သည် အခြားထိုင်းတက္ကသိုလ်များထက် သက်သာသဖြင့် MNC ကျောင်းသားများ ကိုယ်ပိုင်စရိတ်ဖြင့် တက်ရောက်နိုင်မည့် အခွင့်အလမ်းများရှိလာနိုင်သည်။
MNC သည် ယခုကဲ့သို့ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းမှုများ တိုးချဲ့လျက်ရှိပြီး၊ ထိုင်းနိုင်ငံရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စုရှိ Indiana Tech University တို့နှင့်လည်း MOU လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း ကောလိပ်ဦးဆောင်သူများက ပြောဆိုမှုကို မွန်ပြည်နယ်အခြေစိုက် သတင်းဌာနဖြစ်သော Independent Mon News Agency တွင် ဖော်ပြထားသည်။
ယခုပူးပေါင်းမှုသည် မွန်ကျောင်းသားများ၏ ပညာရေးအခွင့်အလမ်းများ မြှင့်တင်ရန်နှင့် နိုင်ငံတကာပညာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်ပြီး MNCအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းကာ ကျောင်းသားများအတွက် အရည်အသွေးမြင့် ပညာရေးလမ်းကြောင်းများ ဖန်တီးပေးလျက်ရှိသည်ဟု ထည့်သွင်းဖော်ပြထားသည်။
ဓါတ်ပုံ – Mon National College
ကိုးကား – Independent Mon News Agency



