ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်မြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း တစ်ခုကို မေ ၁၃ ရက် ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ယနေ့ ထုတ်ပြန်သည်။
အဆိုပါစခန်းသည် တာကရယ်မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခလရ-၂၄ နှင့် အမြာက်တပ် (အမတ) -၃၁၁ အခြေစိုက်သည့် တညာကျိုး ခေါ် တာလယ်ဗျုဟာစခန်းဖြစ်သည်။
ယင်းစခန်းကို KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ အမြှောက်တပ်မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သား ကိုးဦး သေဆုံးခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာညာကျိုးစခန်းကို ၁၉၈၆ ခုနှစ်တွင် စတင်အခြေစိုက်တပ်စွဲခဲ့ပြီး ၃၉ နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- တာညာကျိုးဗျူဟာစခန်းသိမ်းပိုက်ရရှိမှုမြင်ကွင်းများ (ဓာတ်ပုံ – KNU)










