ကာနီး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ် နယ်စပ်တို့တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေသောကြောင့် ဒေသခံများစိုးရိမ်နေရသည်ဟု ဆိုကြသည်။
နာဂဒေသ နန်းယွန်းမြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်များသို့ စစ်ကောင်စီတပ်က အလုံးအရင်းဖြင့် မေလဆန်းပိုင်းတွင် ဝင်ရောက်လာသည်ဟု သိရသည်။
ယင်းမြို့များရှိ စစ်ကောင်စီတပ်စခန်းများနှင့် ကျေးရွာများတွင် တပ်ဖြန့်ထားသည်ဟုလည်းဈေးရောင်းသည့် အသက် ၂၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်အင်အားနဲ့ ရောက်လာတယ်။ နှစ်ရက်၊ သုံးရက်လောက်တော့ရှိပြီ။ ရိက္ခာတွေရော ပို့နေတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့ အနေထားပေါ့လို့ ပြောလို့ရတယ်။ တနိုင်းနဲ့ ရှင်ဗွေယန်ကြားပေါ့။ အဲဒီကြားမှာတော့ စစ်ကောင်စီရော များတယ်။ KIA နဲ့ အဆင်မပြေတဲ့ အနေအထားဆိုတော့ အရဲစွန့်ပြီး သွား လာရတာမျိုးတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တနိုင်းမြို့နယ်အတွင်းရှိ လဂျာဘွမ်ကျေးရွာနှင့် တခတ်ကျေးရွာတို့တွင်လည်း စစ်ကောင်စီ တပ်သား ၂၀၀ ကျော် ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေထိုင်နေသောကြောင့် စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည် ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုခုလောလောဆယ်တော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ နောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ရွာထဲမှာပဲ နေနေကြတယ်။ ယုံတော့ မယုံရဘူး။ စစ်ဖြစ်လာရင် စိုးရိမ်ရတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
လက်ရှိ တနိုင်းမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် KIA တို့ တပ်စွဲနေထိုင်ကြပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
သို့သော် နာဂ- ကချင်နယ်စပ်တွင်မူ ယနေ့အချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း KIA နှင့် စစ်ကောင်စီတပ်တို့ တပ်ထိုင်ထားကာ KIA အနေဖြင့် တပ်သားစုဆောင်းခြင်းများပြုလုပ်နေခြင်းကြောင့် စစ်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။