




သေဒဏ်စီရင်တဲ့ အခမ်းအနားကို မနေ့မနက် ၈ နာရီဝန်းကျင်မှာ ပြုလုပ်ခဲ့ပြီး ပန်ဆန်း(ပန်ခမ်း)မြို့၊ စာသင်ကျောင်းအားလုံးမှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဒေသခံပြည်သူတွေကို ကြည့်ရှုခိုင်းခဲ့တယ်လို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA စစ်ဦးစီးဌာနရုံးက ထုတ်ပြန်ထားပါတယ်။
လက်နက်ခဲယမ်းခိုးယူခဲ့သူ ၂ ဦးအနက်က ၁ ဦးကို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ကျန် တစ်ဦးကိုတော့ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဲဒီ ‘ဝ’ တပ်ဖွဲ့ဝင် နှစ်ဦးက လက်နက်ခဲယမ်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ဆီ ရောင်းချခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်နက်ခဲယမ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ရောင်းချခဲ့တယ်လို့သာ UWSA ကဆိုထားပါတယ်။
ဖြစ်စဉ်အမှန်ကို သိထားတဲ့ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကိုတော့ လက်နက်ခဲယမ်းတွေ ခိုးယူ ရောင်းချခဲ့သူတွေဟာ ပန်ဆန်းထောက်ပို့ရုံးက တပ်သားတွေဖြစ်ပြီး TNLA ကိုသာမက တခြားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ရောင်းချခဲ့တာဖြစ်တဲ့အပြင် နောက်ထပ်ကြံရာပါတွေလည်း ထပ်ရှိသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ ကျည်တောင့် ၈,၀၀ ပါ ကျည်သေတ္တာ ၄၀ ကို ခိုးယူရောင်းချခဲ့တာပါ။
ကျည်တောင့် စုစုပေါင်း ၃၂,၀၀၀ အနက်က အတောင့် ၁,၀၀၀ ကို သူတို့ကိုယ်တိုင် အသုံးပြုလိုက်ပြီး ကျန်ကျည်တောင့် ၃၁,၀၀၀ အတွက် တစ်တောင့်ကို ၁၅ ယွမ်နှုန်းနဲ့ တရုတ်ယွမ်ငွေ ၄၆၅,၀၀၀ ယွမ်ဖြစ်တယ်လို့ ဗီဒီယိုဖိုင်မှတ်တမ်းတွေအရ သိရပါတယ်။
လက်နက်ခဲယမ်းတွေ ခိုးယူရောင်းချတာက ‘ဝ’ ပြည်နယ်ရဲ့ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတဲ့အတွက် အခုလို သေဒဏ် စီရင်ရတာဖြစ်တယ်လို့ ဗီဒီယိုမှာ ပြောဆိုထားပေမယ့် TNLA ဆီ ရောင်းချခဲ့တာဖြစ်တဲ့အတွက် တရုတ်ဖိအားကြောင့် အခုလို သေဒဏ်စီရင်ရတာဖြစ်တယ်လို့ ဒေသခံတချို့ကတော့ ယူဆနေကြပါတယ်။