နိုင်ငံတော်သမ္မတ ဦးဝင်မြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ တရားစွဲဆိုထားသည့် အဂတိမှု ၅ မှုဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်သည်။
ယနေ့ အမိန့်ချမှတ်လိုက်သည့် အမှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရန် ရဟတ်ယာဉ် တစ်စီး ဝယ်ယူ၊ ငှာရမ်း၊ ပြုပြင်ထိန်းသိမ်းမှုများနှင့်ပတ်သက်ပြီး နိုင်ငံတော် ငွေကြေးနစ်နာမှုများ ရှိသည်ဟုဆိုကာ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့သည့်အမှုများဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ထောင်တွင်း အထူးတရားရုံးက အဂတိမှု ငါးမှုထဲမှ လေးမှုအတွက် ထောင်ဒဏ် သုံးနှစ် တပေါင်းတည်း ကျခံရန် အမိန့်ချခဲ့ပြီး ရဟတ်ယာဉ် တစ်စင်း ဝယ်ယူသည့် အမှုအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သောကြောင့် စုစုပေါင်း အမှု ငါးမှုအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး သမ္မတ ဦးဝင်းမြင့်ကိုလည်း ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ် ချမှတ်ထားသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်မြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားသည့် အမှုများအားလုံး အမိန့်ချမှတ်ပြီးဖြစ်သည်။
အမှုများအားလုံး အမိန့် ချမှတ်ပြီးသော်လည်း အကျဉ်း ထောင် (သို့မဟုတ်) မည်သည့်နေရာသို့ ပြောင်းရွှေ့ချုပ်နှောင်မည်ကို အတိအကျ မသိရှိရသေးပေ။