အမီးလေး
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ မြင်းမထိတောင်တွင် သတ္တုတူးဖော်မှုအား ရပ်တန့်ရန် ဒေသခံ ၂၀၀ ကျော်က နှစ်ရက်ဆက်တိုက် ဆန္ဒပြကန့်ကွက်ခဲ့သည်။
ထိုသတ္တုတူးဖော်မှုအား ကယန်းပြည်သစ်ပါတီ ဥက္ကဌ ပိုင်သည့် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်မာစတာဝမ်ကုမ္ပဏီတို့ တူးဖော်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပရာဒေါင်းဆွေမျိုးစုအဖွဲ့မှ ဥက္ကဌ ကိုခွန်းအောင်နိုင်စိုးက ပြောသည်။
“လူက ရွာတိုင်းလိုလို ပါတယ်။ မြင်းမထိတောင်ကို ကာကွယ်ဖို့နဲ့ ဒီတောင်ကိုပဲ အားကိုးကြတယ်။ တပိုင်တနိုင် ခဲတွေ၊ သတ္တုတူးဖော်ပြီးတော့ စားဝတ်နေရေးတွေ၊ ကျန်းမာရေး၊ ပညာရေး ဒီမြင်းမထိတောင်ပဲ အားကိုးပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတာပေါ့။ ကယန်းဒေသမှာရှိတဲ့ လူအများစု ဒီတောင်မှာ အလုပ်တွေ လာလုပ်ကြတယ်။ ပရာဒေါင်း ဆွေမျိုးစု လူတွေအများစုအတွက်က ဒီမြင်းမထိတောင်က ထမင်းအိုးပဲပေါ့” ဟု ၎င်းက ပြောသည်။
ကျေးရွာ ရှစ်ရွာမှာ ဒေသခံများ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး တောင်းဆိုမှု အချက် ၂၀ ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက်များတွင် ပြည်သူလူထုအား အလေးမထား နိုင်ထက်စီးနင်းပြုသည့် လေးပွင့်ကြယ်ကုမ္ပဏီ အလိုမရှိ၊ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသ အတွင်း လက်နက်ကိုင်အားကိုးပြီး ကိုယ်ကျိုးရှာသူများ အလိုမရှိ နှင့် ပြည်သူ့ထမင်းအိုး ရိုက်ခွဲသည့် လေးပွင့်ကြယ်ကုမ္ပဏီများအလိုမရှိ စသည့် ကြွေးကြော်ချက်များ ပါဝင်သည်။
ပုံစာ – သတ္တုတူးဖော်မှုအား ရပ်တန့်ရန် ဆန္ဒပြနေသည့် ဒေသခံပြည်သူများ (ဓာတ်ပုံ- ပရာဒေါင်းဆွေမျိုးစု)