မလေးရှားနိုင်ငံရဲ့ဆန်ဝယ်ယူလိုမှု တောင်းဆိုချက်ကို အင်ဒိုနီးရှားအစိုးရက ပယ်ချလိုက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ မလေးရှားနိုင်ငံကို ဆန်တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး အန်ဒီ အမ်ရမ် ဆူလီမန်းက ပြောဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ ဆန်ဝယ်လိုအား မြင့်တက်နေပြီး ဈေးနှုန်းကြီးမြင့်နေတာကြောင့် အင်ဒိုနီးရှားနိုင်ငံကနေ ဆန်တင်သွင်းဖို့ ကွာလာလမ်ပူက တောင်းဆိုထားတယ်လို့ အမ်ရမ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလှုံရေးဝန်ကြီး မိုဟာမက် ဘင် ဆာဘူနဲ့ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးတို့ ဂျကာတာမှာ တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မလေးရှားနိုင်ငံကို ဆန်တင်သွင်းနိုင်မလားလို့ အစောပိုင်းမှာ မေးမြန်းခဲ့ပြီး လက်ရှိ အချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပြည်တွင်းစတော့တွေကို ဆက်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆန်အရန် သိုလှောင်ထားရှိမှုက လက်ရှိအချိန်မှာ တန်ချိန် ၃ ဒဿမ ၃ သန်းရှိနေပြီး လာမယ့် မေလမှာတော့ တန်ချိန် ၄ သန်းအထိ တိုးမြှင့်သွားဖို့ ရည်မှန်းထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ဆန်ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ဆန်ဈေးနှုန်း မြင့်တက်နေပြီး နိုင်ငံတော် လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၄၀ ကနေ ၅၀ အထိသာ ဖြည့်ဆည်းပေးနိုင်တော့တယ်လို့လည်း ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကနေ ဆန်တင်သွင်းဖို့ တရားဝင်ညွှန်ကြားချက် မရှိသေးပေမယ့်လည်း မလေးရှားဝန်ကြီးဌာနအနေနဲ့ကတော့ ဆန်တင်သွင်းမယ့် အစီအစဥ်ကို ဆက်လက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန်ကြီး မိုဟာ မက် ဘင် ဆာဘူက ပြောခဲ့ပါတယ်။ Ref: Asianews