ထိုင်းနိုင်ငံသားတွေကို အမည်ခံသူဌေးအဖြစ် အသုံးပြုပြီး နိုင်ငံခြားသားလုပ်ငန်းရှင်တွေ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေကို စစ်ဆေးရာမှာ နည်းဗျူဟာ ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
အဓိကအနေနဲ့ နိုင်ငံခြားသားတွေ အများဆုံး လုပ်ကိုင်လေ့ရှိကြတဲ့ လုပ်ငန်း ၆ ခုကို ပစ်မှတ်ထားပြီး လုပ်ငန်း စစ်ဆေးမှုဆိုင်ရာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေကို သူဌေးအဖြစ် ငှားရမ်းပြီး နောက်ကွယ်က တကယ် လုပ်ကိုင်သူတွေဟာ နိုင်ငံခြားသားတွေဖြစ်နေတဲ့အတွက် သံသယရှိတဲ့ အဖွဲ့အစည်းတွေအားလုံးကို စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန – DBD ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အခုလို လုပ်ကိုင်နေတာက နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့အတွက် အခုလို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေက ပိုင်ရှင်သူဌေးအဖြစ် နာမည်ခံထားပြီး နိုင်ငံခြားသားတွေ အဓိက လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်း ၆ မျိုးက ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စားသောက်ဆိုင်၊ ဖျော်ဖြေရေးနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နဲ့ အပန်းဖြေစခန်း၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အထွေထွေဆောက်လုပ်ရေးလုပ်ငန်းတွေ ဖြစ်ကြပြီး အဲဒီကဏ္ဍ ၆ မျိုးကို ဦးတည်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
DBD က ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ လုပ်ငန်းအဖွဲ့အစည်းပေါင်း ၄၆,၉၁၈ ခုကို စစ်ဆေးသွားဖို့ စီစဥ်ထားပြီး အထူးသဖြင့် နိုင်ငံခြားသားဝေစုရှယ်ယာ ၀ ဒဿမ ၀၉ ရာခိုင်နှုန်းကနေ ၄၉ ဒဿမ ၉၉ ရာခိုင်နှုန်းအထိ ပါဝင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးနဲ့ ပူးပေါင်းပြီး ပစ်မှတ်ထား စစ်ဆေးသွားမှာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အမှုပေါင်း ၈၅၂ မှု စစ်ဆေးခဲ့ပြီး ၁၉၉၆ ခုနှစ် နိုင်ငံခြားသားလုပ်ငန်းဆိုင်ရာဥပဒေအရ နိုင်ငံခြားသားတွေကို ထောက်ခံပေးတာ ဒါမှမဟုတ် နာမည်ခံပေးတာ စတာတွေ ဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံသားတွေကို အရေးယူမယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။
Ref: Bangkok Post