အမီးလေး
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာထောင်မှ အကျဉ်းကျနေသူများအား အိန္ဒိယအစိုးရမှ စစ်ကောင်စီထံသို့ လွှဲပေးလိုက်သည်မှာ တစ်လကျော် ကြာပြီဖြစ်သော်လည်း တမူးထောင်တွင် ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်မတ်လ ၂၁ ရက်တွင် အင်ဖာထောင်၌ အကျဉ်းကျနေသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးများနှင့် ကလေးငယ် ၂၇ ဦးအား အိန္ဒိယအစိုးရမှ ပြန်လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးပေ။
လက်ရှိ တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီအနေဖြင့် လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်နေရသည်ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
“အခုလောလောဆယ် သိထားရသလောက်တော့ လွှဲပေးခံရသူအားလုံးကတော့ တမူးထောင်မှာပဲ ဆက်ထိန်းထားတယ်လို့ သိရတယ်။ ဒါတမူးဘက်မှာ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ တိုက်ပွဲပြင်းထန်လာရင် လူသားဒိုင်းအဖြစ် အသုံးပြုချင်လာတော့ လွှဲပေးလိုက်တဲ့ သူကလည်း ကလေးနဲ့ အမျိုးသမီးတွေပဲ ဖြစ်တဲ့အခါကျတော့ စကစဘက်ကနေ စစ်မှုထမ်းခိုင်းလို့လည်း မရဘူးဆိုတော့ ဒါလူသားဒိုင်းအဖြစ် အသုံးပြုချင်လို့ သူတို့ လက်ထဲရောက်ပြီးသားကို ဓားစာခံ လုပ်ပစ်လိုက်တာလားတော့ မသိဘူး။ကျတော်တို့အထင်ကတော့ အဲလိုပုံစံမျိုးထင်တယ်။ မဟုတ်ရင်တော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ထိန်းသိမ်းထားစရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ ဆက်လက်ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီထံသို့ လွှဲပြောင်းပေးလိုက်သည့် အိန္ဒိယအစိုးရအား တာဝန်ယူရန်နှင့် အာမခံချက်များ ပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။
“တစ်လကျော်ကျော်ရှိပြီ၊ ဖမ်းဆီးထားတာ တော်တော်ကြာပြီး။စကစ ရောက်ပြီးတာ သူတွေကိုတော့ ဘာမှ ထွေထွေထူးထူး ပြောလို့ မရဘူးဆိုတော့ သူတို့ရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူး။ အဓိက ဒီတိုင်း ရွှေ့ပေးတဲ့သူတွေရဲ့ လုံခြုံရေး အာမခံမှုမရှိတဲ့အတွက် တာဝန်ယူပေးဖို့ တောင်းဆိုတဲ့ဟာတွေတော့ လုပ်နေပါတယ်။ ဒါပေမယ့် အခုအချိန်အထိ အိန္ဒိယ အစိုးရအနေနဲ့ ထွေထွေထူးထူး ထုတ်ပြန်တာ မရှိသေးဘူး” ဟုဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ စစ်ရှောင်လာသည့် မြန်မာပြည်သူများအား အိန္ဒိယအစိုးရအနေဖြင့် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယခု စစ်ကောင်စီထံတွင် ထိန်းသိမ်းခံထားရသူ ၂၇ ဦးမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ဖြစ်သည်ဟု သိရသည်။
အင်ဖာထောင်တွင် ထိန်းသိမ်းခံထားရသူ ၁၃၀ ဦးအား အိန္ဒိယ အစိုးရက စစ်ကောင်စီထံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကာ ထပ်မံလွှဲပြောင်းပေးရန် ၁၁၉ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။
ပုံစာ – အင်ဖာထောင်မှ အိန္ဒိယအစိုးရ လွှဲပြောင်းပေးလိုက်သည့် မြန်မာနိုင်ငံသားများ။