အမီးလေး
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီး တောင်ပေါ်က ကျောက်တုံးကြီး တစ်ခု ယမန်နေ့ နေ့လယ် ၂ နာရီ ခန့်က လိမ့်ကျလာပြီး အသက် ၇၀ အရွယ် စစ်ရှောင်အဖိုးအို တစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု အဆိုပါ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက အတည်ပြုပြောသည်။
အဆိုပါ ကျောက်တုံးသည် ငလျင်လှုပ်ခတ်စဉ်ကတည်းက ခိုင်မာမှု ပျက်ယွင်းသွားခြင်းဖြစ်ပြီး ယမန့်နေ့ နေလယ် မိုးစရွာသည့် အချိန်တွင် ပြုတ်ကျလာခြင်း ဖြစ်သည်။
“နေ့လယ်လောက် မိုးစရွာတယ်။ လေတော့ မပါဘူး။ မိုးခြိမ်းတယ်။ မိုးကြိုးပစ်တယ်။ မကြာဘူး။ အဲဒီ တောင်ကုန်းပေါ်ကနေ ပြီးတော့ ကျောက်တုံးအကြီးကြီးပဲ တော်တော်ကြီးတယ်။ ပြုတ်ကျလာပြီးတော့ စစ်ရှောင်နေအိမ်က လေဖြတ်နေတဲ့ အဖိုးရဲ့ ခေါင်းရင်းကို တည့်တည့် ကျသွားတာပေါ့။ အဖိုးလည်း ခေါင်းထိပြီး သေသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ငလျင်ကြောင့် ခိုင်မာမှု မရှိတော့သည့် ကျောက်တုံးသည် မိုးရွာသည့် အချိန်တွင် မြေသားပျော့ဆင်းပြီး လိမ့်ကျလာခြင်း ဖြစ်သည်ဟု ယင်းအမျိုးသားက ပြောသည်။
အဆိုပါ ကျောက်တုံးပြုတ်ကျခြင်းကြောင့် စစ်ရှောင်နေအိမ် နှစ်လုံးလည်း ပျက်စီးသွားသည်ဟု သိရသည်။
ယင်းသို့ ပြုတ်ကျလာသည့် ကျောက်တုံးမှာ ခြောက်ပေ ပတ်လည် ရှိပြီး ထပ်မံပြုတ်ကျလာနိုင်သည့် ကျောက်တုံး နှစ်တုံးလည်း ရှိနေသေးသည်ဟု ၎င်း၏ ပြောဆိုချက်အရ သိရသည်။