မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့ရသည့် မန္တလေးမြို့တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့် ရေ၊ လျှပ်စစ်မီးနှင့် နေအိမ်အဆောက်အအုံဘေး ကင်းလုံခြုံမှုများအပြင် ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီ အထောက်အပံ့များမှာ ယခုတစ်လပြည့်ချိန်အထိ လိုအပ်နေဆဲဖြစ်သည်ဟု မန္တလေးမြို့ခံများက ပြောသည်။
“လုပ်နေတာတွေတော့ တွေ့တယ်၊ ထိထိရောက်ရောက် ရှိရဲ့လားဆိုတာကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထားအရလည်း စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ ဝန်ထမ်းမလုံလောက်မှုတွေ အားနည်းချက်တွေ အများကြီးရှိနိုင်တယ်ပေါ့။ အဲဒါဆိုတော့ အကုန်လုံး ထိထိရောက်ရောက် ဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူး။ လုံလောက်တယ်လို့တော့ ကျနော်ကတော့ မထင်ဘူး“ ဟု မန္တလေးမြို့ခံ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
ယင်းအပြင် မန္တလေးမြို့ပေါ် အန္တရာယ်ရှိ လူနေအဆောက်အအုံများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ အလျင်အမြန်ကူညီဖျက်ဆီးပေးရန် မန္တလေးမြို့ခံများက လိုလားကြသည်။
“မိသားစု စားဝတ်နေရေးကတော့ လက်ရှိအလှူရှင်လေးတွေ လှူပေးနေတဲ့ ဆန်လေးတွေ၊ ဆီလေးတွေ၊ ဒါလေးတွေနဲ့ လက်တလောပြေလည်နေကြတာပေါ့။ လုပ်ငန်းပိုင်းကြတော့ တချို့အများကြီးရှိတာပေါ့။ အဲဒီလိုလေးတွေတော့ ခက်ခဲကြတာပေါ့” ဟု မန္တလေးမြို့ခံ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
နိုင်ငံတကာမှလည်း မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများကို အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ငလျင်နောက်ဆက်တွဲ ထိခိုက်ခံစားရသူများအတွက် အနောက်နိုင်ငံအများစုသည် လူသားချင်းစာ နာမှုထောက်ထားမှု အကူအညီများကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများဖြစ်သည့် UNICEF၊ WFP၊ UNOCHA၊ UNDPနှင့် ICRC တို့မှတဆင့် ပေးခဲ့သည်။
ထို့ပြင် မြန်မာ့ငလျင်ဘေးနှင့် ပတ်သက်၍ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ဆေးဝါး၊ အရေးပေါ်နေရာထိုင်ခင်းများ၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ စောင်နှင့် အခြားအခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့ပေးခဲ့သည်။
သို့သော် စစ်ကောင်စီမှ တဆင့် ဖြန့်ဝေသည့် တချို့ နိုင်ငံတကာအကူအညီများဖြစ်သည့် ထောက်ပံ့ကြေးနှင့် စားနပ်ရိက္ခာများမှာ ရောက်သည့် နေရာ ရောက်သော်လည်း မရောက်ရှိသည့် နေရာများလည်း ရှိနေသည်ဟု ငလျင်ဘေးသင့်ခံရသူများထံမှ သိရသည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် အသေအပျောက်အများဆုံးဖြစ်ခဲ့သည့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းတွင် သေဆုံးသူ ၃၇၆၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ၁၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။