ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ငါးရက်အတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးကာ နှစ်ဦး ပြင်းထန်း ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့က တောင်ကုတ်မြို့နယ် ဖုံညိုရွာမှ ဒေါ်ခင်ချိုသက်က ၎င်း၏ အိမ်ခြံဝင်းထဲတွင် အပင်စိုက်ရန် မြေတူးရာမှ မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု ဖုံညိုရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာမှ ဦးမောင်စံသည်လည်း ရွာအနီးရှိ ၎င်း၏ တောင်ယာစိုက်ခင်းသို့ သွားစဉ် လမ်းခုလပ်တွင် မိုင်းနှင်းမိကာ ဒဏ်ရာရခဲ့သည်ဟု သိရသည်။
“တစ်ကိုယ်လုံးနီးပါးပဲ ဒဏ်ရာတွေ ရသွားတယ်။ အခု ဆေးရုံမှာ” လို့ ဦးမောင်စံ၏ အခြေအနေနှင့် ပတ်သက်ပြီး ဆင်ခုံတိုင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ကလည်း ဒေသခံ တစ်ဦး ရွာအနီးရှိ တောင်ပေါ်သို့ ထင်းခုတ်သွားစဉ် ဗုံးသီးပေါက်ကွဲမှုဖြစ်ပြီး မျက်နှာတစ်ခြမ်းပါသွားကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု တောင်ကုတ်မြို့မှ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသွားသူမှာ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာတွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ တောင်ကုတ်မြို့နယ်၊ ဖုံညိုကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်ချိုသက်နှင့် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမောင်စံတို့ဖြစ်ကြသည်။
“တောင်ကို ထင်းသွားခုတ်တာပေါ့လေ။ အဲဒီအချိန်မှာ ဦးမောင်သိန်းက လမ်းက ကျောက်တုံးကြားမှာ ညှပ်နေတဲ့ ဗုံးသီးကို မြင်တော့ ဆွဲနူတ်တဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီးတော့ အဲဒီနေရာမှာပဲ သေသွားတာ” ဟု ဒေသခံ အမျိူသားက ဆိုသည်။
ယင်းသို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်၊ သေဆုံးရခြင်းမှာ စစ်ကောင်စီတပ်က ချန်ထားခဲ့သည့် စစ်ကျန် မြေမြှုပ်မိုင်းများနှင့် ဗုံးများကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီတပ်သည် ၎င်း အထိုင်ချခဲ့သည့် စခန်းအနီးဝန်းကျင်များနှင့် လူနေကျေးရွာများအနီးတွင် မြေမြှပ်မိုင်းများ ထောင်ထားခဲ့ခြင်းဖြစ်ပြီး စခန်းပြောင်း၊ တပ်ဆုတ်ကြသည့်အခါတွင်လည်း မိုင်းရှင်းလင်းခဲ့ခြင်းမရှိဟု ဒေသခံများက ပြောကြသည်။
အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသည့် နေရာများတွင် မိုင်းနှင့် စစ်ကျန်လက်နက်များအား ရှင်းလင်းမှုများ လုပ်ဆောင်နေသော်လည်း ခေတ်မှီနည်းပညာများနှင့် စက်ကိရိယာများ မရှိသည့်အတွက် အခက်အခဲများ ရှိနေကာ အကူအညီများ လိုအပ်နေသည်ဟု ဦးခိုင်သုခက သံလွင်ခက်ကို ပြောထားသည်။
ပုံစာ – တောင်ကုတ်မြို့နယ်ဖုံညိုကျေးရွာမှ ခြေထောက်တစ်ဖက်ပြတ်သွားသည့် ဒေါ်ခင်ချိုသက် (APM)