အင်းတော်တွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်
ဒီဇင်ဘာ ၂၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အင်အား၁၀၀ကျော်ရှိ စစ်ကောင်စီတပ်များနှင့် ဒေသခံ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ၂ ရက်တာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိသည်။
ယခုလ ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအရှုံးများကာ လေကြောင်းစစ်ကူဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်ဟု Indaw-Revolution IR တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ထို့နောက်တိုက်ပွဲအခြေအနေကို ၎င်းက” သူတို့က လာတုန်းက ၁၂၀လောက်ပေါ့ အခုကတော့ အင်အား၈၀ ကျော်ပဲရှိတော့တယ် ” ဟု ဆက်ပြောသည်။
အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းနှင့် မိုးလှိုင်းကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၂၆ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၁နာရီဝန်းကျင် ကြာမြင့်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများသဖြင့် ပြန်လည်ဆုတ်ခွာရာတွင် မိုးလှိုင်ကုန်းကျေးရွာက ပြည်သူ့အိုးအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၆ လုံးမီးလောင် ပျက်စီးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိသည်။
ယမန်နေ့နံနက် ၇ နာရီဝန်းကျင်တွင်လည်း မဲဇာမှ အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KIA၊PDF ပူးပေါင်းတပ်များ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျရှုံးမှုများရှိခဲ့သော်လည်း သံလွင်ခက်မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲ ဖြစ်ပါသည်။
အဆိုပါတိုက်ပွဲ၌ အထိနာခဲ့သော စစ်ကောင်စီတပ်များသည် လေကြောင်းမှ တိုက်ခိုက်မှုများပါ ထပ်မံလုပ်ဆောင်ခဲ့သည့်အတွက် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်များ ဆုတ်ခွာရာတွင် အလယ်ဆိပ်ရွာကို မီးရှို့ခဲ့ပြီး သေဆုံးစစ်ကောင်စီတပ်သားများကိုပါ တစ်ပါတည်းမီးရှို့ခဲ့သည်။ ထို့ပြင် ဒဏ်ရာရရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထမ်းဖြင့်သယ်ဆောင်ပြီး မဲဇာရွာထဲ၌ ဆေးကုသနေကြောင်းသိရသည်။
စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် အလယ်ဆိပ်ရွာမှ ဈေးဆိုင်ခန်း၆ခန်း၊ စာကြည့်တိုက်၁လုံး၊ နေအိမ်၂၆လုံးနှင့် စပါးတင်းပေါင်းထောင်ချီ မီးလောင်ပျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့်တိုက်ပွဲများကြောင့် အလယ်ဆိပ်၊ မဲဇာနှင့် နန့်သဲရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။