ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ နိုင်ငံခြားသားနာမည်နဲ့ အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ် ၇၀၀,၀၀၀ ကို စစ်ဆေးသွားဖို့ရှိနေပြီး စစ်ဆေးနေချိန်အတွင်းမှာလည်း အတည်မပြုနိုင်သေးတဲ့ ဖုန်းနံပါတ်ပိုင်ရှင်တွေရဲ့ ဘဏ်ဝန်ဆောင်မှု ရယူခြင်းကို ဖြတ်တောက်သွားဖို့ ရှိနေတယ်လို့ ထိုင်းဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း – DES ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ စစ်ဆေးနေဆဲဖြစ်တဲ့ ဖုန်းနံပါတ် ၇၀၀,၀၀၀ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး သုံးစွဲခွင့်ရရှိဖို့ မှတ်ပုံတင်ထားတာဖြစ်တယ်လို့ DES ဝန်ကြီး Prasert Jantararauangtong က ဆိုပါတယ်။ အဲဒီဖုန်းနံပါတ်တွေအပြင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဖုန်းနံပါတ် ၁ ဒဿမ ၈ သိန်းဝန်းကျင်ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ နာမည်တွေ ရယူဖို့ လိုအပ်နေပြီး ဖုန်းနံပါတ် ပိုင်ရှင်အမည်နဲ့ ဘဏ်အသုံးပြုသူအမည် ကိုက်ညီမှုမရှိခဲ့ရင် (နည်းပညာနဲ့ ပတ်သက်တဲ့ မှုခင်းတွေ မဖြစ်ပွားစေဖို့ အတွက်) ဘဏ်သုံးစွဲခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဘဏ်တွေမှာ သွားရောက် စစ်ဆေးဖို့ လိုအပ်တဲ့ ဖုန်းနံပါတ်တွေကို သက်ဆိုင်ရာ ဘဏ်တွေက သူတို့ရဲ့ ဘဏ်အပလီကေးရှင်းတွေကတဆင့် သုံးစွဲသူတွေကို အသိပေးလျက်ရှိနေပြီး အသိပေးစာရသူတွေအနေနဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ လာမယ့် ဧပြီလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ဘဏ်တွေမှာ သွားရောက် အတည်ပြု လျှောက်ထားနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ မှတ်ပုံတင်ထားတဲ့ မိုဘိုင်းလ်ဖုန်းတွေရဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို လာမယ့် ဇွန်လအတွင်း ရပ်စဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသိပေးစာ မရရှိသူတွေအနေနဲ့ကတော့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဆက်လက် အသုံးပြုနိုင်တယ်လို့ DES ဝန်ကြီး ဖရာဆတ်က ပြောပါတယ်။
Ref: Bangkok Post