စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်း ကြည်ဘုရားထွက် ကျေးရွာနေအိမ် ၇၀၀ခန့် မီးလောင်ပြာကျ
*******************************
ဒီဇင်ဘာ ၂၈ ၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ကြည်ဘုရားထွက်ကျေးရွာမှ နေအိမ် ၇၀၀ ခန့်အထိ မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းက ကြည်ဘုရားထွက်ကျေးရွာသို့ ဒီဇင်ဘာ ၂၆ရက်နှင့်၂၇ ရက်တို့တွင် စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
” ရွာက နှစ်ရွာဗျ။ ကြည်ရွာရယ်ဘုရားထွက်ရွာရယ်။ ရွာချင်းဆက်ပေါ့ ။ နှစ်ပေါင်း အိမ်ခြေ တစ်ထောင်လောက်ရှိတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါနှစ်ရွာဆက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကြည်ကျေးရွာမှ နေအိမ် ၃၀၀ ခန့်နှင့်ဘုရားထွက်ကျေးရွာနေအိမ် ၄၀၀ ခန့်မီးလောင်ပျက်ဆီးခဲ့ရသည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့က ဖော်ပြထားသည်။
ယခုလ ဒီဇင်ဘာ၂၂ ရက်တွင် ဒီပဲယင်းနှင့်နယ်နမိတ်ထိစပ်နေသည့် ရေဦးမြို့နယ်ဘက်မှဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီပဲယင်းအနောက်တောင်ခြမ်းရှိ ပျံကျကျေးရွာကို နှစ်ရက်ဆက်မီးရှို့ခဲ့ရာ နေအိမ် ၄၀၀ ကျော်အထိမီးလောင်ပြာကျခဲ့သည်။
ယခုလအတွင်း၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၁ရက် ၁၀ရက်ထိစစ်ကြောင်းထိုးခဲ့ရာ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာရှိ ကျေးရွာ ၁၉ရွာမှ နေအိမ် ၁၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် ယခုလအတွင်း၌ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂၂ ရွာမှနေအိမ် ၂၈၀၀ ကျော်အထိမီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ ( မှော်ဘီရန်ကုန်ထူးကြီးတပ်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုံစမ်းသိရှိရ)တပ်တို့ ပေါင်း၍ အင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းက ယခုဒီဇင်ဘာလ ၁ရက်မှစ၍ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှဒီပဲယင်း ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ဒီပဲယင်းမြို့နယ်တွင် ယခုလမတိုင်မီ၌ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၃၂ရွာမှ နေအိမ် ၁၄၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။ ထို့ကြောင့် အာဏာသိမ်းကာလအတွင်း၌ ဒီပဲယင်းမြို့နယ်တွင် နေအိမ် ၄၂၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ပြီဖြစ်သည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့က ကောက်ယူထားသည့်စာရင်းများအရသိသည်။
ပုံစာ – ယခုလအတွင်း စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ကြည်ဘုရားထွက် ကျေးရွာနေအိမ်များ မီးလောင်ပျက်စီးမှု။