ရန်ကုန်တိုင်းတော်လှန်ရေးအင်အားစုအဖွဲ့ပေါင်း တစ်ရာကျော် စုစည်း၍ ရန်ကုန်ကြားကာလအစီအမံရေးဆွဲရေးကော်မရှင် ပေါ်ပေါက်ရန် နောက်ဆုံးအဆင့်ကို ထိုင်း မြန်မာနယ်စပ်တွက် ဧပြီလ ၂၆ နှင့် ၂၇ နှစ်ရက်တာ ဆွေးနွေးပြီးနောက် ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု စုံညီအစည်းအဝေးကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
“ရန်ကုန်အတွက် အာဏာလေဟာနယ် ဖြစ်ပေါ်လာနိုင်တဲ့အပေါ် စစ်အုပ်စု ကျရှုံးသွားတဲ့အချိန်မှာ ရုတ်တရက် ပေါ်လာတဲ့လေဟာနယ်ကို အစားထိုးပြီးတော့ ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနဲ့ ရှိနေတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခတွေ နည်းပြီးတော့ ညီညီညွတ်ညွတ်၊ မျှမျှတတနဲ့ လိုအပ်တဲ့ အာဏာလေဟာနယ်ကို အစားထိုး နေရာယူနိုင်ဖို့အတွက် လိုအပ်တဲ့ အစီစဉ်များအတွက် ရေးဆွဲတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်” ဟု စုံညီအစည်းအဝေးကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ ဒေါက်တာဘိုင်အိုကပြောသည်။
ရန်ကုန်ကြားကာလ အစီအမံတစ်ရပ် ပေါ်ပေါက်လာရန်အတွက် ရက်ပေါင်း ၁၆၀ တိတိအကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကနဦးအနေဖြင့် ရန်ကုန်ကြားကာလအစီအမံရေးဆွဲ ရေးကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီများ၊ CDM များ၊ မြေပြင်သပိတ်နှင့် တော်လှန်ရေးအင်အားစုများ၊ သမဂ္ဂများ၊ လူအနည်းစုနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ (တတ်သိပညာရှင်) စသည့် တိုင် (၇) ဖြင့် ဖွဲ့စည်းရန် သဘောတူညီမှု ရှိခဲ့သည်ဟု သိရသည်။
၎င်းအစီအမံရေးဆွဲရေးကော်မရှင် တိုင် (၇) တိုင် တစ်ခုချင်းစီတွင် အဖွဲ့ဝင် အနည်းဆုံး ခုနှစ်ဦးမှ ၁၁ ဦးအထိ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။ လာမည့် မတ်လ ၁၁ ရက်တွင် ကော်မရှင်၏ ကြားကာလအစီအမံလုပ်ငန်းစဉ်ရေးဆွဲရေးဆိုင်ရာ ကိစ္စများကို ပြုလုပ်သွားမည်ဟုလည်းသိရသည်။
ယင်းအစီအမံရေးဆွဲရေးကော်မရှင်ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းမြန်မာနယ်စပ်တွင် ကနဦး တွေ့ဆုံဆွေး နွေးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။
ပုံစာ-စုံညီအစည်းအဝေးကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်။ (ဓာတ်ပုံ-သံလွင်ခက်)