ရွာထဲဝင်လာသည့် စစ်ကားကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်
**********************
သံလွင်ခက်။
ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်၏ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်မှ သိရသည်။
ကျောင်းရွာကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ (၅၉၁) တပ်က စစ်ကောင်စီတပ်သားများ စီးနှင်လာသည့် ကားတစ်စီး ကျေးရွာတွင်းသို့ ဝင်ရောက်ချိန် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရေဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“ ရွာထဲ ဝင်လာခဲ့တဲ့ စစ်ကားကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့ကနေပြီးတော့ ဝိုင်းပစ်တာ ဖြစ်ပါတယ်ခင်ဗျာ။ စကစ တပ်သား နှစ်ဦး ကားပေါ်မှာ ကျသွားတယ်။ ကားမရပ်တော့ ကျွန်တော်တို့ လက်နက်လုဖို့ အချိန်မရလိုက်ဘူး။ သူတို့ကားမောင်းပြေးသွားတယ် ” ဟုပြောသည်။
ထိုထုတ်ပြန်ချက်တွင် ဒေသကာကွယ်ရေးအဖွဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မွန်ပြည်နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် ယခုထက် ကောင်းမွန်သည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ ရေးဘီလူးအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်ရှိ ခ.မ.ရ (၅၈၆) တပ်၏ စစ်ဆေးရေးဘန်ကာကို လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။