ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာအား မတ်လ ၂၅ ရက် ည ၇ နာရီခန့်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“၇ နာရီလောက်မှာ အသံအကျယ်ကြီး ကြားရတာပေါ့လေ။ ဟုန်းဆိုတာနဲ့ ပစ်ချသွားတယ်။ လူတွေကတော့ တော်တော် ထိခိုက်သွားတယ်ပေါ့။ အခု သေသွားတာကလည်း မိသားစု တစ်စုတည်းက သုံးယောက် နေရာမှာတင် သေသွားတာလို့ သိရတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။
သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့ပေါ်မှ အောင်ဖြူပြင်ရွာတွင် စစ်ဘေးရှောင်နေသည့် မိသားစုဝင်များဖြစ်သည့် အသက် ၅၃ နှစ်အရွယ် ဖခင်၊ အသက် ၄၅ နှစ်အရွယ် မိခင်နှင့် အသက် ၁၉ နှစ်အရွယ် သားဖြစ်သူတို့ ဖြစ်ကြသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေသည်ဟုလည်း သိရသည်။
“လက်နက်ကြီးစ ထိပြီး ဒဏ်ရာရတဲ့အထဲမှာ ကလေးငယ်တွေ တော်တော်များတယ်လို့ သိရတယ်။ မြေပြင်အခြေအနေကလည်း ကျနော်တို့ အတိအကျတော့ မသိသေးဘူး။ သက်ကြီးပိုင်းတွေလည်း ဒဏ်ရာရသွားတယ်လို့ ပြောတယ်” ဟု ဒေသခံက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး သုံးကြိမ် ကြဲချခဲ့သည့်အတွက် လူနေအိမ်တချို့ ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီသည် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် နေရာများအားလည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ထိခိုက်သေဆုံးသူ အရေအတွက်လည်း တိုးလာနေသည်။
ပုံစာ- အောင်ဖြူပြင်ရွာအား စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူများ



