အမီးလေး
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းရှိ စကြာမင်းတိုင်းရင်းဆေးထုတ်လုပ်သည့် စက်ရုံတွင် အမျိုးသမီးအလုပ်သမားများအား လုံခြည်များလှန်ကာ အမျိုးသမီးဓမ္မတာ လာ၊မလာ စစ်ဆေးမှုခဲ့ခြင်းအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ၏ အမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်ခင်သန္တာမိုးမှ ပြောသည်။
“ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဖိအားဖြစ် စေမဲ့အရာမှန်သမျှလုပ်မယ် ပိုင်ရှင်ဆီဆက်သွယ်ဖို့ ကြိုးစားမယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတာဝန်ခံရမယ်။ လုံးဝလက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်။ ဒီပစ္စည်းတွေသုံး စွဲသူတွေ မသုံးခြင်းဖြင့် မတရားမှုလုပ်သူမှန်သမျှကို ပြရမှာဖြစ်တယ်။ ဥပမာ ကမ်ပိန်းသဘောမျိုးပေါ့။ လက်ရှိ တော့ သူတို့ Page တွေ့တော့ဘူးပေါ့နော်။ ခုနတော့ရှိသေးတယ်။ ပိုင်ရှင်ကိုဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ် တခုခုပေါ့ အဆက် အသွယ် ကြိုးစားနေပါတယ်” ဟုဆိုသည်။
အဆိုပါဖြစ်စဉ်အပေါ် အလုပ်သမားအရေး အထူးပြုသတင်းရေးသားနေသည့် Myanmar Labour News တွင် သတင်းဖော်ပြပြီးနောက် တစ်နာရီခန့်အကြာတွင် စကြာမင်း Facebook Pageနှင့် စကြာမင်းတိုင်းရင်းဆေးများထုတ်လုပ်ရာတွင် ဦးဆောင်နေသည့် Myint Wai အကောင့်များကို ကြည့်ရှု၍ မရတော့ပေ။
စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်သည့် စက်ရုံတွင် အိမ်သာထဲ၌ အမိုက်ပုံးများ ထားပေးထာားမရှိသည့်အပြင်၊ ဓမ္မတာလာစဉ်အသုံးပြုထားသည့် လစဉ်သုံးပစ္စည်းများကို အိတ်ဖြင့်ထုပ်ကာ အိမ်သို့ပြန်သယ်ယူနေရကြောင်း Myanmar Labour News သတင်းတွင် ဖော်ပြထားသည်။
အသစ်ဝင်လာသည့် အလုပ်သမားအမျိုးသမီးမှာ အသုံးပြုထားသည့် လစဉ်သုံးပစ္စည်းအား စက်ရုံရှိ အမှိုက်ပုံးတွင် စွန့်ပစ်မိရာ စက်ရုံမှူးမှ တွေ့ရှိသွားပြီး စွန့်ပစ်သူအားဖော်ထုတ်မည်ဟုဆိုကာ မန်နေဂျာနှင့် စက်ရုံမှူး အမျိုးသမီးနှစ်ဦးက အမျိုးသမီးအလုပ် သမားများအားလုံးအား CCTV ရှေ့တွင် လုံခြည်များလှန်ကာ စစ်ဆေးခဲ့သည်ဟု သတင်းတွေ ရေးသားထားသည်။ ၎င်းနောက် ဓမ္မတာလာနေသော အမျိုးသမီးဝန်ထမ်းသုံးဦးက ဝန်ခံခိုင်းခဲ့သည်ဟု ဆိုသည်။
သံလွင်ခက်အနေဖြင့် သတင်းတွေ့ရှိချိန်မှ စတင်ကာ လက်ရှိသတင်းထုတ်လုပ်သည့်အချိန်အထိ စကြာမင်းအမှတ်တံဆိပ်နှင့် ပတ်သက်သော ဖုန်းနံပါတ်များကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းအများစုမှာ စက်ပိတ်ထားသည်ကို တွေ့ကြုံခဲ့ရပါသည်။
အမျိုးသမီးများ ဓမ္မတာလာခြင်းသည့် ပုံမှန်ဖြစ်ရပ်တစ်ခုသာဖြစ်ပြီး ယင်းသို့ ကာယအိန္ဒြိပျက်စေသည့်အပြင် အမျိုးသမီးအခွင့်အရေးချိုးဖောက်သည့် လုပ်ငန်းရှင်များအား၏ ထုတ်ကုန်များအား လုံးဝမသုံးစွဲဘဲ သပိတ်မှောက်သင့်သည်ဟု မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေမှ ပြောဆိုသည်။
“အမျိုးသမီးတွေ ရာသီလာတာက သဘာဝ ဖြစ်တယ်။ ဒါကို ထဘီလှန်ပြီး စစ်ဆေးတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်တာအပြင် အမျိုးသမီးအခွင့်အရေးတွေပါ ချိုးဖောက်တာဖြစ်တယ်။ ဒါမျိုးတွေ ထပ်မဖြစ်အောင် လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက်အရေးယူသင့်တယ်” ဟု မတင်တင်ဝေမှ ဆိုသည်။
အလုပ်ရှင်များအနေဖြင့် လုပ်ငန်းခွင်အတွင်းအကြမ်းမဖက်ခြင်းနှင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပြီး စာနာနားလည်ပေးသင့်သည်ဟု Sister 2 Sister အဖွဲ့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဥ္ဇာရွှန်းလဲ့ရည်မှ အကြံပြုပြောဆိုသည်။
“ဒီနေ့ကာလက စီးပွားရေးကြပ်တည်းကြတယ်။ ဒီကာလမှာ ကိုယ့်ရဲ အလုပ်သမားတွေရဲ့ ဓမ္မတာကိစ္စကို ထည့်သွင်းစဉ်းစားတဲ့ အလုပ်ရှင်တွေ ဖြစ်လာစေချင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒုက္ခဆင်းရဲတွေ ကြုံရတဲ့အခါမှာ အချင်းချင်းကြည့်ရှုစောင့်ရှောက်စေချင်တယ်။ သို့သော် ထဘီလှန်ပြီးစစ်ဆေးတဲ့ အထိကို ပုဂ္ဂလိကလုံခြုံရေးကို လုပ်ငန်းရှင်တွေကပါ ကျူးလွန်နေတာမြင်ရတယ်။ ဒါကို ရပ်တန်းက ရပ်ရမှာ ဖြစ်ပါတယ်” ဟု သဥ္ဇာရွှန်းလဲ့ရည်မှ ပြောသည်။
ယခုလ ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် လုပ်ငန်းခွင်များရှိ အမျိုးသမီးများအား လစဉ်သုံးပစ္စည်းများ ထောက်ပံ့ရန်၊ ဓမ္မတာလာနေစဉ် အတွင်း လစာအပြည့်ဖြင့် ခွင့်ပေးရန်၊ အမျိုးသမီးကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် Sister 2 Sister အဖွဲ့မှ တောင်းဆိုစာ ထုတ်ပြန်ခဲ့သည်။