စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်ဖြင့် ရုတ်တရက်လာရောက်တိုက်ခိုက်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ပြည်သူ၄ဦးသေဆုံး၍ ၇ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ဒီဇင်ဘာလ၂၆ရက် နေ့လည် ၁း၅၅နာရီခန့်တွင် ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်လက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
” ဗုံးတစ်ကြိမ်ကြဲချပြီး နောက်တော့ စက်သေနက်ပုံစံမျိုးအတွဲလိုက်ပစ်သွားတာ။ တစ်မိသားစုထဲမှာပဲ သုံးယောက်သေတယ်။ သူတို့နဲ့ အိမ်ချင်း ရှေ့ဆင့်နောက်ဆင့်က နောက်တစ်ယောက်သေတယ်“ဟု ဆောဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူလေးဦးမှာ ဒေါ်စောဝိုင်း(၆၆ နှစ်) ၊ကိုကျော်ဌေးလင်း( ၄၀နှစ်)၊ကိုဇော်ဌေးဝင်း(၄၅နှစ်) တို့မိသားစု ၃ဦးနှင့် ကိုဇော်မင်း (၄၇ နှစ်) တို့ဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူ၇ ဦးရှိခဲ့ပြီး ၄ဦးမှာဒဏ်ရာ ပြင်းထန် ၍ စိုးရိမ်းရသည့်အခြေအနေရှိကာထိုစိုးရိမ်ရဒဏ်ရာရရှိသူများအနက် သေဆုံး မိသားစုဝင်၃ဦး၏ မိသားစုဝင်တစ်ဦးပါဝင်သည်ဟု သိရသည်။
မြေပြင်စစ်ကြောင်းထိုးမှုများနှင့်ထိတွေ့တိုက်ပွဲများမရှိဘဲလေကြောင်းမှ ရုတ်တရက်လာရောက်တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ပြည်သူများမှာ ကြိုတင်ရှောင်တိမ်းနိုင်ခြင်းမရှိသည့်အတွက် ထိခိုက်သေဆုံးမှုများခဲ့ခြင်းဖြစ်သည်ဟု ဆောPDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။