မုံရွာတွင် ရဲကားတစ်စီးကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲသုံးဦးသေဆုံး
ဒီဇင်ဘာ ၂၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယနေ့နံနက် ၇ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးနှင့် တပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မုံရွာမြို့ အမှတ်(၂) ရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် နန္ဒဝန်ရပ်ကွက်၊ သမစိတ္တလမ်း၊ အင်ကြင်းခိုင်ဟိုတယ်အနီး ပစ်တိုင်းထောင်ကွမ်းယာဆိုင်တွင် ကွမ်းလာဝယ်စဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်တပ်ရင်း(၇)-Monywa Lightning People Defence Force အဖွဲ့တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
ထိုတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းက “ သုံးယောက်ကတော့ မျက်မြင်အတည်ပြုနိုင်ပါတယ်။ တစ်ယောက်ကတော့စခန်းမှူးပါဗျ၊ နှစ်ယောက်ကလဲ သွေးအိုင်ထဲမှာ လဲနေတာလည်း တွေ့ခဲ့တယ်ဗျ ” ဟု ပြောသည်။
စစ်ကောင်စီလက်အောက်ခံရဲများ ပစ်ခတ်ခံရပြီးနောက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကားနှစ်စီးဖြင့် သယ်ဆောင်သွားပြီး မြို့တွင်းရှိ ဒေသခံပြည်သူများကိုလည်း စစ်ဆေးရေးတင်းကြပ်လျက် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း(၇) – Monywa Lightning People Defence Force အဖွဲ့၊ Black Falcon အဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး (ပ.လ.ဖ) အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး လည်ပင်းကျည်ရှပ်ထိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မုံရွာမြို့နယ် တောပုကျေးရွာအနောက်ခြမ်းတွင်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကိုလည်း ဒီဇင်ဘာလ ၂၁ ရက်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ငါးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။