နေပြည်တော်၏ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင် ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာမိတ်ညီနောင် အဖွဲ့အစည်းများ၏ ကြားဝင်စေ့စပ်မှုဖြင့် ကယန်းပြည်သစ်တပ်မတော်နှင့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်မှ မတ်လ ၂၀ ရက်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း နှစ်ဘက်အဖွဲ့အစည်းများကြားတွင် အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ သဘောတူညီမှု ၅ ချက်တွင် ရဲဘော်ကိုစိုင်းဖြစ်စဉ်ကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွချပြန်ရန်၊ နေပြည်တော် တိုင်းစစ်ဌာန၏ စုံစမ်းစစ်ဆေးမှုအရ ကယန်းပြည်သစ်တပ်မတော်မှ တပ်စုမှူးသည် မတော်တဆ မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ပြီး အလားတူဖြစ်ရပ်များထပ်မံမဖြစ်ပေါ်စေရန်၊ နှစ်ဘက်တပ်များ လက်နက် အသုံးပြု၍ပဋိပက္ခမဖြစ်စေရေးအတွက် ကတိပြုရန်၊ ပြဿနာအသေးအဖွဲ့ကိစ္စများကို အလျှင်အမြန် ညှိနှိုင်း ဆောင်ရွက်၍ စစ်ရေးအထိပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ယုံကြည်မှုတည်ဆောက်ရန်တို့ ပါရှိသည်။
ထို့အပြင် ကယန်းပြည်သစ်တပ်မတော်မှ ရဲဘော်ကိုစိုင်းထံမှ သိမ်းဆည်းခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်သုံး ပစ္စည်းများကိုလည်း နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့ထံ ပြန်လည်အပ်နှံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း၏ ဖြစ်စဉ်အတွက်လည်း တရားမျှတစွာ အပြစ်ပေးအရေးယူနိုင်ရေးနှင့် အရေးယူမှုပြီးဆုံးသည်အထိ ကြိုးစားဆောင်ရွက်သွားမည် ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား မတ်လ ၃ ရက်နေ့တွင် ကယန်းပြည်သစ်တပ်မတော်မှ ဗဟိုကော်မတီဝင် ဗိုလ်မှုးကြီး သိန်းဟန်နှင့်တွေ့ဆုံ ဆွေးနွေးရန် ကယန်းသစ်နယ်မြေ၊ ဒုတပ်မဟာမှူး ဖိုးခွားမှ လာရောက်ခေါ်ဆောင် သွားခဲ့သည်။
ထို့နောက် မတ်လ ၁၃ ရက်တွင် ကယန်းပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းတွင် ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို နေပြည်တော် တိုင်းစစ်ဌာန နှင့်မဟာမိတ်ညီနောင်များမှ တွေ့ရှိခဲ့သည်။
ပုံစာ – ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း၏ နာရေးမြင်ကွင်းအား တွေ့မြင်ရစဥ် (ဓာတ်ပုံ-Karenni People’s Voice)