မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ကချင်တို့မှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုရမည်ဟု စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ စာမေးပွဲများကို ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၁ ရက်ဖြေဆိုရမည်ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ပြင်းအားအဆင့် ၇.၇ ရှိသော ငလျင်ကြောင့် အဖြေလွှာများ ထိန်းသိမ်းထားသော မန္တလေးတက္ကသိုလ်ဝန်းရှိ ပင်မဆောင်ပြိုကျပြီး မီးလောင်ကျွမ်းခဲ့ရာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၆၂,၉၅၄ ဦး၏ အဖြေလွှာစာအုပ် ၃၇၆,၉၅၆ အုပ် ပျက်စီး ဆုံးရှုံးသွားသည်။
မှီးလောင်ကျွမ်းမှုကြောင့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရသည်။
ငလျင်လှုပ်ခတ်ချိန်မှ စတင်ကာ လက်ရှိအချိန်အထိ မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ငလျင်အသေးများ နေ့စဉ်နီးပါးလှုပ်ခတ်ဆဲဖြစ်သည်။