အမီးလေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာအား ဧပြီလ ၂၀ ရက် ညနေ ၆ နာရီကျော်ခန့်က စစ် ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး သေဆုံးခဲ့ရသည်ဟု Kawlin info မှ တာဝန်ရှိသူကပြောသည်။
“သေဆုံးတာ ခြောက်ဦး၊ ဒဏ်ရာအပြင်းအထန်ရတာ နှစ်ဦးရှိတယ်။ သေသွားတဲ့ အငယ်ဆုံး ၂၅ နှစ် သူမှာ ရှစ်လသားအရွယ် သားလေး ကျန်ရစ်တယ်” ဟု ၎င်းက ဆိုသည်။
တံတားဦးမှ တက်လာသည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ တစ်စီးသည် ပေါင်း ၅၀၀ ဗုံး နှစ်လုံးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကုန်စုံဆိုင်အပြင် အနီးရှိ နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ပေါင် ၅၀၀ နှစ်လုံး ချသွားတာ၊ နောက်ထပ် ထိခိုက်ဒဏ်ရာရတာတော့ ထပ်မသိရသေးဘူး။ ပြီးတော့ စစ်ရေး ဘာမှ မရှိဘူး။ရွာတွေက ပျူရွာတွေနဲ့ နီးတော့ ရွာထဲမှာ မနေကြဘူး။ ရွာပြင်ပဲထွက်အိပ်ကြတယ်။ စစ်ကြောင်း သိပ်မထွက်တော့ ရွာထဲဈေးရောင်းကြတယ်။ညတွေတော့ ရွာတွေမှာ မအိပ်ကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသူများတွင် အသက် ၅၀ နှစ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ အသက် ၃၀ နှစ် အမျိုးသား နှစ်ဦးနှင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်။
စစ်ကောင်စီသည် ငလျင်ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိရာ ပြီးခဲ့သော သင်္ကြန်ကာလတစ်ပတ်အတွင်း ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရသည်။
ပုံစာ – သင်တောရွာရှိ ကုန်စုံဆိုင်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ဒေသခံပြည်သူများ။
