မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်မြောက်လာသူ အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦးသာ ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ပြောသည်။
ယနေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၈၉၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သည်။
“ဒီနေ့အထိတော့ ကျတော်တို့ စာရင်းကောက်တာ လူဦးရေ ၁၀၀ မပြည့်သေးဘူး။ နိုင်ငံကျဉ်းအပါအဝင် မှုလေး၊ အကျဉ်းထောင်ငါးခုမှာပဲ နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါလာတာကိုတော့ တွေ့ရတယ်။ ကျန်တာတော့ ပြုစုနေဆဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရသူ အများစုပါဝင်ပြီး အမျိုးသမီး ရှစ်ဦး ပါဝင်သည်ကို တွေ့ရသည်။
“လွတ်ရက် နီးနေတဲ့သူတွေ အဓိက ပါတယ်။ လွှတ်လိုက်တဲ့ လူဦးရေ လေးထောင်ကျော်ထဲမှာမှ လေးရာခိုင်နှုန်းလောက်ကပဲ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။ ကျန်တာအားလုံးဟာ တခြားရာဇဝတ်အကျဉ်းသားတွေ ဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် ထားဝယ်အကျဉ်းထောင်၊ ပြည်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ညောင်ဦးအကျဉ်းထောင်နှင့် ပခုက္ကူ အကျဉ်းထောင်တို့မှ လွတ်မြောက်လာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းထားချိန်မှစ၍ လေးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၂၉၀၀၀ ကျော်ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။