ကရင်ပြည်နယ်၊ ကေအဲန်ယူ၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ၊ ကော့ကရိတ်မြို့နှင့် ကျုုဒိုးမြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
ဧပြီလလယ်ပိုင်းမှစပြီး တိုက်ပွဲပိုမိုပြင်းထန်လာခြင်းဖြစ်ပြီး ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မှစကာ စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးများ ပြင်းထန်စွာအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “အခုဖြစ်တာအကြမ်းဖျဉ်းအရတော့ စကစဘက်ကအကျနေ့ကနေစပြီးတော့ လေကြောင်းရော၊ လက်နက်ကြီးရော။ ပစ်နေတာအခုထိပဲ” ဟုဆိုသည်။
တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများကိုလည်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးဘက်မှ ကူညီကယ်ထုတ်နေသည်ဟုလည်း သိရသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျုံဒိုးမြို့ သရက်တောရွာရှိ သုံးဘီးမောင်းသူ တစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အရပ်သား နှစ်ဦးရှိခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ Mi 35၊ Y – 12၊ မစ်ဇိုင်း၊ ဟောင်ဝှစ်ဇာ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်။
ဒေသခံတစ်ဦးက “လက်ရှိအချိန်မှာ ကော့ကရိတ်နဲ့ ကျုံဒိုးတခွင်မှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံး အဆက်မပြတ် လာကြဲတယ်ပေါ့နော်။ ရွာကပြည်သူတွေလည်း ထိခိုက်တဲ့သူ ရှိတယ်။ ဒဏ်ရာရတဲ့သူ ရှိတယ်ပေါ့နော်။ အဲဒါအပြင် တော်လှန်ရေးတပ်ဖွဲ့လည်း ထိခိုက်တဲ့သူရှိတယ်” ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ကမ်းနီရွာဘုန်းကြီးကျောင်းသို့ ပေါင် ၅၀၀ဗုံး နှစ်လုံး ကြဲချခဲ့သောကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး သံဃာ လေးပါးနှင့် ပြည်သူ ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့သေးသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရင်ကွဲတောင်၊ ခမရ – ၅၄၅၊ ၅၄၆၊ နွားခြံကုန်းကို သိမ်းပိုက်ရန် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။
အဆိုပါနေရာများကို သိမ်းပိုက်နိုင်ရန် KNU (Karen National Union) ကရင်အမျိုးသားအစည်းအရုံး၊ KNLA (Karen National Liberation Army) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO (Karen National Defence Organization) ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDFs (Local People’s Defense Forces) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ KA (Karenni Army) ကရင်နီတပ်မတော်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတချို့။