စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
**************
ဒီဇင်ဘာ ၂၄၊ ၂၀၂၂။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်းမြို့နယ်၊ ညှောင်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
ထိုအုပ်ချုပ်ရေးမှူးသည် ညှောင်လေးပင်ကျေးရွာမှ ငါန်းဇွန်မြို့သို့ အသွား တောင်ဘက် ရွာဘိုကျေးရွာနှင့် မြောက်ဘက် ရွာဘိုကျေးရွာ အကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင်သေဆုံးခဲ့သည်ဟု TGYR-Youth Guerilla Counter Revolution (LPDF) အဖွဲ့တာဝန်ခံ Ko Eco ကသံလွင်ခက်ကိုပြောသည်။
“ သူ့ကြောင့်ဒုက္ခရောက်တဲ့ မိသားစုတွေလဲရှိပါတယ်ဗျ၊ ဖမ်းခံရသူတွေလဲရှိတယ်၊ ဖမ်းခံရပြီး ငွေအများကြီး တောင်းပြီး ပြန်လွတ်တဲ့သူတွေလဲရှိပါတယ် ” ဟု ပြောသည်။
ပစ်ခတ်ခံရသူသည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီခန့်အပ်ထားသည် အုပ်ချုပ်ရေးမှူး မင်းဆန်းဆိုသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မစ်ရှင်များကို မကြာခဏ စစ်ကောင်စီကို သတင်းပေးမှုများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြတ်သန်းသွားလာပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုစစ်ဆင်ရေးကို TGYR-Youth Guerilla Counter Revolution (LPDF)၊ BHGF-Black Hero Guerilla Force နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ငါန်းဇွန်းမြို့နယ် မင်းကြီးကြပ်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဒလန်ဟု စွပ်စွဲခံရသူ ဟန်ဝင်းလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့ကTGYR-Youth Guerilla Counter Revolution (LPDF)၊ BHGF-Black Hero Guerilla Force နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ခဲ့သည်။
မန္တလေးမြို့တွင် အုပ်ချုပ်ရေးမှူးပြုလုပ်နေသူများကို ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဇန်နဝါရီ ၁၅ ရက်နေ့အတွင်း နှုတ်ထွက်ရန် Special Task Force – Mandalay အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
ပုံစာ – ဒလန်ဟုစွပ်စွဲခံရသူ ကိုယ်ပေါ်မှရရှိသောပစ္စည်းများ။
ဓာတ်ပုံ – TGYR