ခင်သရဖီဦး
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း ရခိုင်ရိုးမပေါ်တွင် ရှိနေသည့် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအား AA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီအနေဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သိရသည်။
အဆိုပါနတ်ရေကန်စခန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုအချိန်မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေသည်ဟု စစ်ရေးနီးစပ်သူ တစ်ဦးက ဆိုသည်။
“စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကလည်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ဆိုသလို ခုခံတိုက်ခိုက်နေတာတွေ ရှိတယ်။ ကျေးရွာတွေဘက်ကိုလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ ဒရုန်းတွေနဲ့ရော၊ လေကြောင်းကပါ ပစ်တာတွေ ရှိပါတယ်။ အခုက တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေတာပေါ့။ စစ်တပ်ကလည်း အပြင်းအထန် ကာပစ်နေတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအနီးရှိ ကာကင်းစခန်းများနှင့် တောင်ကုန်းမျာ ရှိ စခန်းများကို အာရက္ခတပ်တော် AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် လေကြောင်းမှ ဒရုန်းများဖြင့်လည်းကောင်း၊လက်နက်ကြီးများဖြင့်လည်းကောင်း ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း ငဖဲမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
“အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ လင်းတဲ ချင်းကျေးရွာကလည်း မကြာခဏ ပစ်ခံရတယ်။ ဒေသခံတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်။ မတ်လ ၄ ရက်နေ့ကလည်း နတ်ရေကန်စခန်းကနေ လှမ်းပစ်လို့ လင်းတဲကျေးရွာသားတစ်ဦး လက်နက်ကြီးကျလို့ သေသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် နတ်ရေကန်စခန်းမှ နေပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် အနီးအနားရှိ ပဇီကျေးရွာ၊ စွန်တက်၊ ဘုံးဘောရွာ၊ လင်းတဲ့ စသည့် ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်နေကြရသည်။
ရခိုင်နှင့် မကွေးတိုင်းအား ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်း ရခိုင်ရိုးမပေါ်တွင် နေရာယူထားသည့် ကမြင်းကန် ဗျူဟာစခန်းကို အာရက္ခတပ်တော် နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၄ ရက်က သိမ်းပိုက်လိုက်ပြီးနောက် နတ်ရေကန် စခန်းအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။