အမီးလေး
ကရင်နီပြည်နယ်တွင်း စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားခြင်းကြောင့် အမျိုးသမီးများအတွက် လိုအပ်နေသည့် သန္ဓေတားဆေးနှင့် ထိုးဆေးများ စစ်ရှောင်စခန်းတချို့တွင် ပြတ်လပ်တော့မည်ဟု ကျေးလက်မြေအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မူဆဲက ပြောသည်။
“သန္ဓေတားဆေးတွေ၊ ဆေးဝါးတွေ ပြတ်လပ်နေတယ်။ လိုအပ်မှုလည်း ရှိနေတယ်။ ဘာဖြစ်လို့ ပြတ်လပ်မှုဖြစ်နေလဲ ဆိုရင်တော့ ကရင်နီမှာ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ လမ်းတွေ ပိတ်ထားတဲ့အတွက်ကြောင့်မို့ ကုန်စည်စီးဆင်းမှုလည်း မရှိဘူး။ နည်းတယ်။ အထူးသဖြင့် ဆေးတွေဆို ပိတ်ပင်ခံထားရတယ်။ ဆေးတွေ ပြည်သူတွေဆီ လက်ဝယ် ရောက်ရှိဖို့ ဝယ်ယူရဖို့လည်း တော်တော်လေးကို ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ကရင်နီပြည်နယ်တွင်း ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှု ပိတ်ပင်ထားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။
ထို့ကြောင့် သန္ဓေတားဆေးပြတ်လပ်နေမှုနှင့်ပတ်သက်၍ Karenni Nurses Association မှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြုပြောသည်။
ဆေးရုံဆေးခန်းများနှင့် ဝေးကွာသည့် စစ်ရှောင်စခန်းတချို့တွင်လည်း ဆေးဝါးပြတ်လပ်မှုနှင့် ဆေးဈေးနှုန်း မြင့်တက်မှုများ ကြုံနေရသည် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။
“ဆေးရုံဆေးခန်းတွေမှာတော့ ရှိပါတယ်။ တချို့စခန်းတွေက ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးတာ ဖြစ်စေ၊ မဟုတ်ရင်လည်း ဒီဆေးရုံဆေးခန်းသွားနိုင်ဖို့ ခက်ခဲတာဖြစ်စေ၊ အဲဒီလိုမျိုးဆို အခက်အခဲ ရှိနိုင်ပါတယ်။ ဒီသံဓာတ်တို့ အားဆေးတွေကတော့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေကတော့ အခက်အခဲရှိနေတာကတော့ ကြာပါပြီ” ဟု ၎င်းက ဆိုသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအများစုမှ အမျိုးသမီးများသည်လည်း သန္ဓေတားဆေးများ ဝယ်ယူရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ကျန်းမာရေးဗဟုသုတများလည်း လိုအပ်နေသည်ဟု သိရသည်။
ဦးဗညားက “သန္ဓေတားဆေးနဲ့ပတ်သက်ပြီးတော့ လက်ဝယ်မရရှိတာမျိုးရှိတယ်။ ရရှိဖို့ ခက်ခဲတယ်။ ဘာလို့ဆို မဝယ်နိုင်ဘူး။ ကူညီပေးနေတဲ့ အဖွဲ့ကလည်း မရှိသလောက် ရှားတယ်။ ကူညီပေးနေတဲ့ အဖွဲ့ ရှိပေမယ့် လက်လှမ်းမမှီနိုင်ဘူး။ ဆေးဆိုင်မှာဆေးရှိနေရင်တောင် မဝယ်နိုင်ဘူး။ ဆိုတော့ ဆိုင်ရှိပေမယ့် သုံးစွဲတဲ့သူက မဝယ်နိုင်ဘူးဆိုရင် မရှိတာနဲ့ အတူတူပဲ မဟုတ်လား။ ဝယ်ချင်ပေမယ့် ဆေးတစ်ကတ် ဝယ်မလား၊ ကြက်ဥဝယ်မလား” ဟု ပြည်နယ်တွင်း ကြုံတွေ့နေကြရသည့် အခြေအနေကို ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် သုံးသိန်း ဝန်းကျင်ရှိပြီး စစ်ရှောင်စခန်း ၁၉ ခုရှိသည်ဟု ကရင်နီ လူမှုအဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
ပုံစာ-မိခင်နှင့် အမျိုးသမီးများအား ဆေးကုသပေးနေသည့် ကျေးလက်မြေအဖွဲ့




