ဇန်နဝါရီ ၅ ရက်၊ သံလွင်ခက်
မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် လူအချင်းချင်းညှင်းပန်းနှိပ်စက်သည့် လုပ်ရပ်များကို နိုင်ငံတကာ နှင့် ပူးပေါင်းတိုက်ဖျက်ဖြစ်သွားမည်ဟု ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (DKBA) က ထုတ်ပြန်ပြောဆိုလိုက်သည် ။
ယနေ့မနက်ခင်း ၉ နာရီအချိန်တွင် ထိုင်းနိုင်ငံဘက်မှ မြဝတီမြို့အပါအဝင် နယ်စပ်ငါးမြို့ကို လျှပ်စစ်မီးများဖြတ်တောက်ပြီးနောက် ယနေ့(ဖေဖော်ဝါရီ ၅ ရက်)ညနေပိုင်းတွင် DKBA မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ကျနော်တို ဒီမြဝတီခရိုင် အဖြစ်ပျက်တွေတော်တော်များများ ကြားဖူးမှာပါ။ ဒါကြောင့် ကျနော်တို DKBA ထိန်းချုပ်နယ်မြေမှာ ဒီကိစ္စနဲ့ ပတ်သက်တာ သန့်ရှင်းရေးလုပ်ရမှာပေါ့။ လူကုန်ကူးမှု၊ ညှင်းပန်းနှိပ်စက်မှု တိုက်ထုတ်သွားမှာပါ” ဟု DKBA အမှတ် ၁ စစ်ကွပ်ကဲရေးမှူးချုပ်က ပြောသည်။
အဆိုပါထုတ်ပြန်လိုက်ခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူများနှင့် ထိုင်းနိုင်ငံကြားမှာ သင့်မြတ်မှုရှိစေရန်နှင့် ထိုင်းနိုင်ငံမှ DKBA အပေါ် အကောင်းမြင်လာစေရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။
“လက်ရှိကျနော်တို မီးနဲ့ဘာနဲ့ ဒီလိုလာဖြတ်တယ်ဆိုတာကတော့ ထိုင်းနိုင်ငံအနေနဲ့ ဒီအွန်လိုင်းနဲ့ ပတ်သက်တာကို ရည်ရွယ်တဲ့သဘောပါဘဲ ဒါပေမဲ့ ပြည်သူနေနဲ့ပြန်ကြည့်ရင်တော့ အများအပြားနစ်နာတယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင် DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ လူကုန်ကူးမှုများကို မြန်မာနိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာသံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ပြီး မှုးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း တားဆီးနှိမ်နင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်နှင့် KKPark စသည့်ဒေသများသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ လူကုန်ကူးမှုများ မှုးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိသည်ဟု သံသယဖြင့် နိုင်ငံတကာ၏ အာရုံစိုက်ခံနေရသည်။
မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယမ်နမ် တို့ပါဝင်သည့် “ဇင်ယော်” ဟုအမည်ပေးထားသည့် စစ်ဆင်ရေးဒုတိယလှိုင်းအနေဖြင့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု တရုတ်နိုင်ငံအစိုးရမှ ထုတ်ပြန်ထားသည်။