ဖေဖော်ဝါရီ ၅၊ သံလွင်ခက်
ကျားဖြန့်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေသည်ဟု သတင်းအချက်အလက်များထွက်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ နေရာငါးခုကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်မီးနှင့် လောင်စာဆီဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်က အတည်ပြုလုပ်သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဖြတ်တောက်မည့်နေရာများမှာ(၁) ညီနောင်ဦး ကုမ္ပဏီနှင့် Enova Grid Enterprise (Myanmar) ကုမ္ပဏီမှဖြန့်ဝေပေးနေသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂၊ မြဝတီမြို့၊ ကရင်ပြည်နယ်၊ (၂)ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီမှ ဖြန့်ဝေပေးနေသော မြဝတီမြို့၊ ကရင်ပြည်နယ်၊(၃) မြပန်းကုမ္ပဏီမှဖြန်ဝေပေးနေသော ဘုရားသုံးဆူမြို့၊ မွန်ပြည်နယ်၊ (၄) Allure Group (P&E) မှ ဖြန့်ဝေပေးနေသော မိုင်းတုံ၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်နှင့် (၅) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား၊ တာချီလိတ်)၊ ရှမ်းပြည်နယ်တို့ဖြစ်သည်ဟု ယမန်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ထုတ်ပြန်သည်။
“အခု နာမည်ကြီးနေတဲ့ ရွှေကုက္ကိုလ်နဲ့ KK Park ကို မီးဖြတ်ထားတာက ကြာပြီ၊ အင်တာနက်လည်း အဲဒီလိုပဲဆိုတာ မနှစ်ကတည်းက သတင်းတွေကြားသလို မိုးလင်း၊ မိုးချုပ် မီးစက်မောင်းသံတွေ၊ ပြီးတော့ ဆိုလာတွေ တိုက်တွေအလိုက်ဆင်ထားတာက အများကြီးရှိတယ်” ဟု ရွှေကုက္ကုလ်မြို့တွင် စားသောက်ဆိုင်ဝန်ထမ်းလုပ်နေသူတစ်ဦးက ပြောသည်။
နယ်စပ်ဒေသရှိ ကျားဖြန့်၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် NSC တို့ အစည်းအဝေးအတွင်း အဆိုပါဒေသ ၅ ခုကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ထောက်ပံ့မှုများကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
“မနေ့က သတင်းတွေမှာတွေ့တာက ဘုရားသုံးဆူလည်းပါတယ်ဆိုတာ တွေ့တယ်၊ တရုတ်တွေကတော့ မနှစ်ကတည်းက ရောက်လာကြတာ အများကြီးတွေ့ရတယ်။ ဒီရက်ပိုင်းလည်း ထပ်ပြောင်းလာကြတယ်။ ဘယ်ကပြောင်းလာတာမှန်းမသိရပေမယ့် ဒေသခံတွေအတွက်က မီးဖြတ်၊ လောင်စာဆီဖြတ်တာက ရေရဖို့ပါ ခက်ကုန်တာဖြစ်တော့ ဘာလုပ်ရမယ် မသိတော့ဘူး” ဘုရားသုံးဆူမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မဲခေါင်ဒေသတွင်း ၆ နိုင်ငံတွင် ကျားဖြန့်၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများအပါအဝင် ကွင်းဆက်ရာဇဝတ်မှုများတိုက်ဖြတ်ရန်အတွက် ဇင်ယော်စစ်ဆင်ရေးဒုတိယလှိုင်းကို ၂၀၂၅ ခုနှစ်အတွင်း သင့်လျော်သော အချိန်တွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံအစိုးရက ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။