သံလွင်ခက်
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ တင်းတိပ်ကျေးရွာရှိ ဒေသခံပြည်သူ လေးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ညတွင် ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ပျူစောထီးအဖွဲ့ဝင် ကိုမင်းသူ ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တင်းတိပ် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကီရီက သံလွင်ခက်ကို ပြောသည်။
“မနေ့ညပိုင်းဘဲ ဆိုင်က CCTV တွေကြည့် ရွာဘက်တွေမွှေနဲ့ တင်းတိပ်ဝင်မွှေပီး လူဖမ်းသွားတာဘဲ။ ဝင်မွှေရင်း စစ်မှုထမ်းဖို့ဆွဲလားမပြောတတ်ဘူး” ဟု ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုလူငယ် အမျိုးသား လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မည်သည့်နေရာ၊ တပ်ရင်းကို ခေါ်ဆောင်သွားသည်မှာ မသိရှိရသေးဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့သည် ယမန်နေ့ညနေက စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်မ – ၃၃ နောက်ကျောဘက်ရှိ တောင်ငူကုန်းကျေးရွာထိပ်က အရက်ဆိုင် (ဘီယာဆိုင်) တစ်ခုတွင် အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ ပျူစောထီးတပ်ဖွဲ့ဝင် ကိုမင်းသူကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရတနာပုံတပ်ဦး တာဝန်ခံ က ပြောသည်။
ထိုမစ်ရှင်ကို Burmese Revolution Force – B.R.F၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force မဟာမိတ်ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Crd