သံလွင်ခက်
ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စစ်ကောင်စီကင်းဂိတ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု God’s Hand Forces-GHFအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ည ၈နာရီ ၄၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၁၆ စစ်တပ်ဝန်းထိပ်ရှိ ကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု GHF အဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“အနီးဆုံးမှာ ယူနီဖောင်းဝတ် နှစ်ယောက်တော့ရှိပါတယ်။ မသေချာသေးလို့ နောက်ဆက်တွဲ မထုတ်ပြန်တာပါ” ဟုဆိုသည်။
အဆိုပါ စစ်ကောင်စီဂိတ်တွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များပါရှိတတ်ပြီး ပုံမှန်အားဖြင့် အင်အား လေးယောက်ခန့်ရှိသည်ဟု GHF တာဝန်ရှိသူက ဆက်ပြောသည်။
GHF အဖွဲ့သည် ရန်ကုန်တိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီဒေါက်တိုင်များနှင့် ဝေးရာမှ လှည့်လည်ရှောင်ရှားသွားကြရန် တိုက်တွန်းထားသည်။
ပုံစာ-အင်းစိန်မြို့နယ်တွင်းတစ်နေရာကို တွေ့ရစဉ်။