သံလွင်ခက်
ဒီဇင်ဘာ ၁၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၂နာရီခွဲတွင် စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးသုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင်တစ်လုံး၊ စက်ရုံဘေးတွင်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အမျိုးသားနှစ်ဦးသည် ဦးခေါင်းဒဏ်ရာနှင့် အမျိုးသမီးသည် ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကားနှစ်စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်ကလည်း နောင်ချိုမြို့ဈေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ-TNLA