သံလွင်ခက်
ဒီဇင်ဘာ ၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဒေသခံအချို့မှာ ယနေ့ချိန်ထိ မြို့တွင်းပိတ်မိလျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်နေဆဲ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နံနက် အစောပိုင်းတွင် ဗန်းမော်မြို့ သိမ်တော်ကြီးဘုန်းကြီးကျောင်းရှေ့တွင်ရှိသည့် ရဲစခန်းအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု မြို့တွင်း ပိတ်မိနေသည့် ပြည်သူတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ရဲစခန်းမှာ ပစ်နေကြတယ်တဲ့။ သူတို့ကို ဘယ်မှ မထွက်ခိုင်းဘူးတဲ့။ အဲ့စစ်သား (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေက ထွက်လာရင် ပစ်မယ်လို့ ပြောတယ်တဲ့။ ထွက်ဖို့ ခက်နေကြတယ်” ဟု ပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသည့် အနီး သိမ်တော်ကြီးဘုန်းကြီးကျောင်းနှင့် အနီး ရပ်ကွက်များတွင် ၂ မိုင် အောင်သာရပ်ကွက်နှင့် ၃ မိုင် ရပ်ကွက်က ဒေသခံများ အပါအဝင် မံစီမြို့နယ်မှ တိုက်ပွဲတိမ်းရှောင်ထားသည့် ဒေသခံပြည်သူများ ခိုလှုံလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။
ယမန်နေ့တွင်လည်း ဒေသခံများ တိမ်းရှောင်နေသည့် ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းကြီးကျောင်းအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သုခဝတီဘုန်းကြီးကျောင်းတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦး၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ဆက်လာတုန်းက သုခဝတီဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာတဲ့။ သူတို့နားကျတာ ကလေး ၂ ယောက်ထိတယ်တဲ့လေ။ တိုက်ပွဲကလည်း တစ်နေကုန်ပစ်နေကြတာတဲ့၊ သူမသေရင် ပြန်တွေ့တာပေါ့တဲ့” ဟု ပြောသည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့၏ ထိုးစစ်ကြောင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအချို့နှင့် ကာကင်းစခန်း ၅ ခုနှင့် အထက်ကို သိမ်းပိုက်ရရှိထားပြီဟု ရှေ့တန်းရဲဘော်နှင့် နီးစပ်သူထံက သိရသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေကြောင့် ဗန်းမော်မြို့ ဒေသခံအချို့မှာ ယခုလ ၄ ရက်နှင့် ၅ ရက်များတွင် ညောင်ပင်သာ ကျေးရွာမှတစ်ဆင့် မြို့တွင်းက ထွက်ခွာကြပြီး အချို့မှာ စက်လှေများဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ တိုက်ပွဲတိမ်းရှောင်လျက် ရှိသည်ဟု သိရသည်။