သံလွင်ခက်
ဒီဇင်ဘာ ၆၊ ၂၀၂၄။
လာမည့်ဒီဇင်ဘာလကုန်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောဆိုလိုက်သည်။
အာဆီယံဥက္ကဌတာဝန်ကို တာဝန်ယူထားသည့် လာအိုနိုင်ငံက ဦးဆောင်ကျင်းပမည့် အဆိုပါဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugionoလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးမှုများ ပါဝင်မည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းရာတွင် တိုးတက်မှုမရှိသည့်အပြင် စစ်ကောင်စီသည် အတိုက်အခံ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် စစ်ရေးဆင်နွှဲမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။
လာမည့် ဆွေးနွေးပွဲသည် အာဆီယံအဖွဲ့၏ ဂုဏ်သိက္ခာကို စမ်းသပ်နေခြင်းဖြစ်သည်ဟုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုထားပြီး ဆွေးနွေးပွဲနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်းမရှိပေ။
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) ၏ ရှေ့နေက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖမ်းဆီးနိုင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပြုချက် လျှောက်ထားခဲ့သည်။
အဆိုပါ လျှောက်ထားချက်ကို အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်များအဖွဲ့(APHR)က ထောက်ခံကြိုဆိုခဲ့ပြီး အာဆီယံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရာတွင် နည်းလမ်းအသစ်များဖြင့် ချဉ်းကပ်သင့်သည်ဟု တိုက်တွန်းထားသည်။
Ref: The Jakarta Post