သံလွင်ခက်
ဒီဇင်ဘာ ၅၊ ၂၀၂၄။
အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၂ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အရှိုချင်းကာကွယ်ရေးတပ်-ACDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
New Society Army-NSA၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်-PIA နှင့် အရှိုချင်းကာကွယ်ရေးတပ်-ACDF စသည့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ACDF ၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွက “အမ်းတိုက်ပွဲဘက်ကနေ ထွက်ပြေးလာတာ သတင်းရလို့ စောင့်ကြိုဖမ်းတာပါ။ သေနတ်က ၄ လက်ပဲ ပါပါတယ်” ဟု သံလွင်ခက်ကိုပြောသည်။
အဆိုပါ စစ်သုံ့ပန်းများသည် အာရက္ခတပ်တော်-AA၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့နှင့်အတူ လပ်တော့တစ်လုံး၊ ဖုန်းတစ်လုံး၊ MA-1 တစ်လက်, MA-3 တစ်လက်၊ (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်) တို့ကိုသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စနစ်တကျ ထိန်းသိမ်းထားပြီး ဒဏ်ရာများကိုလည်း ဆေးဝါးကုသပေးထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် စစ်သုံ့ပန်းများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်သည့် ကိစ္စအဝဝအား ဖြည့်ဆည်းဆောင်ရွက်ကာ စောင့်ရှောက်ထားသည်ဟု သိရသည်။
အမ်းမြို့ကို ဒီဇင်ဘာလအစောပိုင်းတွင် AA က သိမ်းပိုက်ထားပြီး လက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကလည်း အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးကို ACDF က မကွေးတိုင်းနှင့် ရခိုင်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဓာတ်ပုံ-ACDF