သံလွင်ခက်
ဒီဇင်ဘာ ၄၊ ၂၀၂၄။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းလူဦးရေ ပိုမိုမြင့်တက်လာသည်ဟု သုတေသီများက ဆိုသည်။
တစ်နိုင်ငံလုံး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင်လည်း ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်း မသန်စွမ်းလူဦးရေသည် ဒေသတွင်း လူဦးရေ၏ ၈၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ – Myanmar Coordination Initiative for Equal Rights of Persons with Disabilitors (MCERP) အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ထို အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်မတိုင်မီ ရှိခဲ့သည့် မသန်စွမ်းလူဦးရေ ၄ ဒသမ ၉ ရာခိုင်နှုန်းထက် ၇၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။
မသန်စွမ်းဖြစ်ရသည့် အကြောင်းရင်းများထဲက ၅၈ ဒသမ ၈ ရာခိုင်နှုန်းသည် မြေမြှုပ်မိုင်းများကြောင့် ဖြစ်ပြီး၊ ၂၃ ဒသမ ၅ ရာခိုင်နှုန်းမှာ ကျည်ဆံထိမှန်မှုကြောင့် မသန်စွမ်းဖြစ်ရခြင်း အပါအဝင် တိုက်ပွဲများကြောင့် လက်နက်ကြီး ထိမှန်မှုနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း မသန်စွမ်းဖြစ်ရသည်ဟု သိရသည်။
မသန်စွမ်းဖြစ်ပွားခဲ့သူများတွင် အသက် ၁၈ နှစ်မှ ၂၅ နှစ် အရွယ်အတွင်း လူဦးရေ ၅၃ ရာခိုင်နှုန်းပါဝင်ပြီး အသက် ၂၆ နှစ်မှ ၃၅ နှစ် အရွယ်အပိုင်းအခြားမှာ ၃၂ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု အဆိုပါ အစီရင်ခံစာ အရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အထိ နိုင်ငံလူဦးရေ၏ ၁၃ ရာခိုင်းနှုန်းဖြစ်သည့် ၅ ဒသမ ၉ သန်းခန့်သည် မသန်စွမ်းသူများဖြစ်သည်ဟု Myanmar Information Management Unit (MIMU) ၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် လူသန်းပေါင်း – ၆၀၀ ခန့်သည် မသန်စွမ်းသူများ ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO ၏ အစီရင်ခံစာအရ သိရသည်။