ခင်သရဖီဦး
ဒီဇင်ဘာ ၂ ၊ ၂၀၂၄။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်ညနေ ၃ နာရီပိုင်းတွင် လေကြောင်းမှ ဗုံး ၄ လုံးကြဲချခဲ့ခြင်းကြောင့် အသက် (၇၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၁၇) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က အဲဒီနေ့ ညနေ ပိုင်း ၃ နာရီခွဲလောက်မှာ ခရိုင်ရွာကို ဂျက်ဖိုင်တာ နဲ့ ဗုံး ၄ လုံးကြဲချခဲ့တာပါ။ အဲဒီနေရာမှာပဲ နှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားတာလို့ သိရတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရရှိကြသူများမှာ တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်မှ ခရိုင်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့်ဒေသခံများဖြစ်ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်မှစတင်၍ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် AA က အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ထုတ်ပြန်ထားသည်။
ပုံစာ- ဗုံးကြဲခံရသည့် ခရိုင်ကျေးရွာမှ နေ့အိမ်တစ်အိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ – APM