သံလွင်ခက်
ဒီဇင်ဘာ ၂၊ ၂၀၂၄။
စစ်ကောင်စီရေတပ်၏ ပစ်ခတ်ချိန် ရေနစ်သေဆုံးခဲ့ရသည့် ထိုင်းအမျိုးသား၏ နာရေးကို ထိုင်းတော်ဝင်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးနှင့် အရာရှိအချို့က ယမန်နေ့တွင် သွားရောက်ခဲ့ပြီး မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့သည်ဟု ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်နေ့တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ သံကျွန်းအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီက ငါးဖမ်းသင်္ဘောတစ်စင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုအတွင်း ငါးဖမ်းသင်္ဘောပေါ်ရှိ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသား ၄ဦး အပါအဝင် ငါးဖမ်းလုပ်သား ၃၁ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထိုင်းရေတပ်အနေနှင့် ပြည်သူများကို ပစ်ထားမှာမဟုတ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ထိုင်းရေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့သည်။ အဖမ်းခံထားရသော ထိုင်းနိုင်ငံသားများ၏ မိသားစုဝင်များကိုလည်း တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
“ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအကြမ်းဖက်တာမျိုးကို မထောက်ခံဘူး”ဟု ထိုင်းဝန်ကြီးချုပ်က ပေထုန်တန် ရှင်နာဝပ်ထရာက ယမန်နေ့က မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသားလေးဦး အမြန်ဆုံးလွတ်မြောက်နိုင်ရေးကို ရန်ကုန်ရှိ ထိုင်းသံရုံးမှတဆင့် လုပ်ဆောင်နေသည်ဟု ဆိုထားသည်။
Photos- Royal Thai Navy