သံလွင်ခက်
ဒီဇင်ဘာ ၂၊၂၀၂၄။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ၊ မြို့ပေါ်ရပ်ကွက်များအတွင်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ဖုန်းနှင့်ငွေကြေးခြောက်လှန့်တောင်းယူသူ အမျိုးသား ၈ ဦးအား ဖော်ထုတ်နိုင်ခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ ဧည့်စာရင်း စစ်ဆေးမည်ဟူသောအကြောင်းပြချက်ဖြင့် ပြည်သူများနေအိမ်သို့ ဝင်ရောက်ကာ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက် မနက်ပိုင်းတွင် အဆိုပါအမျိုးသား ၈ဦးကို ၎င်းတို့နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ် အတို (Air Gun) ၁ လက်၊ ပြောက်ကြားဦးထုပ် ၁ လုံး၊ ပြောက်ကြားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိတရားခံများအား စစ်ဆေးချက်အရ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ဖုန်းအလုံးပေါင်း ၄၈လုံးနှင် ထိုင်းဘတ်ငွေ ၁၄၆,၀၀၀အား ခြောက်လှန့်လှန်တောင်းယူခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
၎င်းတို့တောင်းယူခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ ဆက်လက်ကြိုးစားလျက်ရှိပြီး ပြည်သူများအနေဖြင့် ဒုစရိုက်သမားများ လှုပ်ရှားသွားလာသည်ကို တွေ့ရှိပါက နီးစပ်ရာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များထံ တိုင်ကြားနိုင်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ တပ်ဖွဲ့ဝင်များအယောင်ဆောင်သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့် အတူ ဖော်ထုတ်ဖမ်းမိစဉ် (MOI)