သံလွင်ခက်
ဒီဇင်ဘာ ၂၊၂၀၂၄။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူများသည် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသောကြောင့် သေဆုံးခဲ့သူ (၂၀)ဦးရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNMက ဆိုသည်။
အဆိုပါအရေအတွက်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ၁၁ လအတွင်း PPNM မှ ကောက်ယူထားနိုင်သောစာရင်းများဖြစ်သည်။
PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ အကျဉ်းထောင် ၃၈ ထောင်ကို စောင့်ကြည့်ထားတဲ့စာရင်းပါ ။ အင်းစိန်၊ဒိုက်ဦး၊မန္တလေးအိုးဘို၊ မကွေးထောင် ၊ ကျိုက်မရောထောင်၊ကလေးထောင်တွေမှာ သေဆုံးမှု တွေရှိခဲ့ပါတယ်” ဟု ဆိုသည်။
ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ကျဆုံးရသူများတွင် နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦးပါဝင်သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများအပေါ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းသည် အကျဉ်းဦးစီးဌာနအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏အသက်ကို ပိတ်ဆို့ တားဆီးနေခြင်းပင် ဖြစ်သည်ဟု PPNM က ဖော်ပြထားသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)