သံလွင်ခက်
နိုဝင်ဘာလ ၂၁၊၂၀၂၄။
ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း ကျူးကျော်လာသောကြောင့် အာရက္ခတပ်တော် ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရေလုပ်သားများနှင့် ငါးဖမ်းလှေတချို့ကို ပြန်လွှဲပြောင်းပေးခဲ့သည်ဟု AA Info Desk က ယမန်နေ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က ရခိုင်ပြည်နယ်ရေပိုင်နက်သို့ ကျူးကျော်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို ခေါ်ယူစစ်ဆေးပြီးနောက် ငါးဖမ်းလှေ ၁၅စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို AAက ထိန်းသိမ်းခဲ့သည်။
အဆိုပါ ရေလုပ်သားများကို ၂ ပတ်ကြာ ထိန်းသိမ်းစစ်ဆေးပြီး ရခိုင်ပြည်နယ် ပိုင်နက်ထဲသို့ ထပ်မံ ဝင်ရောက်ငါးဖမ်းခြင်းမပြုလုပ်ရန် ခံဝန်ထိုးကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
ထိုသို့လွှဲပြောင်းရာ၌ စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကြောင့် ကြန့်ကြာမှုများရှိခဲ့ပြီး ဖမ်းဆီးထားသည့်ငါးဖမ်းလှေ ၁၅စီးထဲမှ (၇)စီးကို နိုဝင်ဘာ ၂၀ရက် တွင် ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ကျန် (၈)စီးကို လုံခြုံရေး အာမခံချက်ရှိချိန်မှသာ ပြန်လည် လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ် ရေပိုင်နက်သို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ငါးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား သက်ညှာပေးခဲ့သော်လည်း ထပ်မံကျူးကျော်ဝင်ရောက်လာပါက တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ-နိုဝင်ဘာ ၅ရက်က ရခိုင်ရေပိုင်နက်ထဲ ကျူးကျော်လာသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများအား တွေ့ရစဉ်။(AA Info Desk)