သံလွင်ခက်
နိုဝင်ဘာ ၂၀၊ ၂၀၂၄။
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တလိုင်းရပ် (ရွာသစ်) ကျေးရွာကို People’s Liberation Army (PLA) – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ယမန်နေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု PLA က ထုတ်ပြန်သည်။
တိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်တွင် ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး သေနတ်များနှင့် ကျည်များအပါအဝင် ဆိုင်ကယ်တစ်စီးလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PLA တပ်ဖွဲ့ဝင်တို့သည် ထိုကျေးရွာကို တပ်စွဲထားပြီး လုံခြုံရေးကင်းလှည့်လည်နေသည့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA ဆိုသည်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် – ဗကသ ကျောင်းသားလူငယ်အချို့ နှင့် လက်ဝဲအင်အားစုအချို့ စုပေါင်း၍
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်က ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ တစ်ခု ဖြစ်သည်။
ယခု စစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဝင်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင်လည်း တလိုင်းရပ်ကျေးရွာက ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းအပါအဝင် လက်နက်ခဲယမ်း အချို့ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
ပုံ – ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA