မောင်လှိုင်း
နိုဝင်ဘာ ၁၉၊ ၂၀၂၄။
တော်လှန်ရေးတပ်များရှိရာ မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးသို့ စစ်တပ်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာ ၁၁ မှ စတင်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံတော်လှန်ရေးတပ်များကြား ယနေ့တိုင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့စစ်များနှင့် ပူးပေါင်းကာ အင်အား ၆၀၀ ဝန်းကျင်ဖြင့် သံချပ်ကာကားများအသုံးပြု၍ ထိုးစစ်ဆင်လာသည်ဟု မြင်းခြံဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Myingyan Black Tiger (MBT) ဦးဆောင်သူ ဗိုလ်မိုက်ခဲက ပြောသည်။
“မြင်းခြံမြို့ကနေ စစ်ကောင်စီအနေနဲ့ စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ဖူးတာရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ထိုးတာက အင်အားအများဆုံးသုံးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က လေယာဉ်ပစ်ကူ၊ ဒရုန်းနှင့် မြေပြင်ပူးပေါင်း စစ်ကြောင်းထိုးလာပြီး တစ်ပတ်ခန့်ကာလအတွင်း လေကြောင်းပစ်ခတ်မှု အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့သဖြင့် နိုဝင်ဘာလ ၁၇ ရက်ညပိုင်းတွင် ချေဆေးကျေးရွာမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ မြင်းခြံမြို့နယ်ရှိ ကူ၊ ချေဆေးနှင့် ကွမ်းစိုက် ကျေးရွာများအနီးရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးခေါင်းဆောင် မသီတာယုမွန်စစ်ကြောင်းတို့က ချေမှုန်းခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကူ၊ ကွမ်းစိုက် နှင့် ချေဆေးရွာ နှင့် အနီးနားပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူထောင်နဲ့ချီက ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံများထံမှသိရသည်။
Myingyan Black Tiger(MBT) အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း အဖွဲ့တခုဖြစ်သည်။ မန္တလေး နှင့် မိုင် ၁၀၀ ပတ်လည်အကွာမှာရှိသည့် တော်လှန်ရေးတပ်များ စုပေါင်းကာ “မြင်းခြံခရိုင်အထူး စစ်ဆင်ရေး(MDSO)” ကြေညာပြီးနောက်ပိုင်းကာလများတွင် စစ်ကောင်စီဘက်မှ တပ်စခန်းပေါင်းများစွာကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ပုံစာ – MBT တပ်ဖွဲ့ဝင်များကို ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ- ဗိုလ်မိုက်ခဲ့(Facebook)